အင်္ဂုတ္တရနိကာယ်

၅-မုဏ္ဍရာဇဝဂ်

၉-ကောသလသုတ်

၄၉။ အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒိကောသလမင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏။

(ထိုအခါ မလ္လိကာ မိဖုရားသည် ကွယ်လွန်လေ၏)။

ထိုအခါ မင်းချင်းယောကျာ်းတစ်ယောက်သည် ပသေနဒိကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီး၏ နားရင်းသို့ ကပ်လျက်—

“မင်းမြတ် မလ္လိကာ မိဖုရားကြီးသည် နတ်ရွာစံပါပြီ”ဟု သံတော်ဦးတင်၏။

ဤသို့သံတော်ဦးတင်သော် ပသေနဒိကောသလမင်းသည် ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည်ကျသော ပခုံးရှိသည်ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင်ကာ စကားမပြောဘဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပသေနဒိကောသလမင်းကို ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည် ကျသောပခုံးရှိသည်ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင်ကာ စကားမပြောဘဲ နေသည်ကိုသိတော်မူ၍ပသေနဒိကောသလမင်းအား— မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အိုတတ်သော သဘောတရားသည် “မအိုပါစေလင့်”ဟု တောင့်တ၍ မရကောင်းသော အရာပေတည်း။ပ။

ပူဆွေး ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှ မရနိုင်။ပ။ ကံကို မြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခု အခါ၌ အသို့လျှင် ပြုအံ့နည်းဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ သည်းခံရာ၏ဟု မိန့်တော်မူ၏။

နဝမသုတ်။