အင်္ဂုတ္တရနိကာယ်

၅-မုဏ္ဍရာဇဝဂ်

၁ဝ-နာရဒသုတ်

၅ဝ။ အခါတစ်ပါး၌ အသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ နေတော်မူ၏၊ ထိုအခါ မုဏ္ဍမင်း၏ ချစ်အပ်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါသည် သေလေ၏၊ ထိုမုဏ္ဍမင်းသည် ချစ်အပ်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါ သေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်လည်း မတည်၊ တိုင်းရေးပြည်မှု ကိစ္စကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏အလောင်း၌ လွန်စွာ တပ်မက်မောခြင်းဖြင့် မိန်းမောတွေဝေနေ၏။

ထိုအခါ မုဏ္ဍမင်းသည် ရွှေတိုက်စိုး ပိယကကို (ခေါ်၍) အမိန့်ပေး၏။

“အချင်းပိယက ထိုသို့ သေလွန်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို သံဖြင့် ပြုလုပ်သောဆီပြည့်သော ခေါင်း၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးအုပ်လေလော့၊ ယင်းသို့ ထည့်ထားခြင်းဖြင့်မိဖုရားဘဒ္ဒါ၏ အလောင်းကို ငါတို့ကြာမြင့်စွာ ရှုမြင်ရကုန်အံ့”ဟု (အမိန့်ပေး၏)။

ရွှေတိုက်စိုးပိယကသည် “မင်းမြတ် ကောင်းပါပြီ”ဟု မုဏ္ဍမင်း၏ စကားကို ဝန်ခံပြီးလျှင် ဘဒ္ဒါ မိဖုရား၏အလောင်းကို သံဖြင့် ပြုလုပ်ထားသော ဆီပြည့်သော ခေါင်း၌ ထည့်စိမ်၍ သံခေါင်းတစ်ခုဖြင့် ဖုံးထား၏။ ထိုအခါ ရွှေတိုက်စိုးပိယကအား ဤသို့ အကြံဖြစ်၏ —

“ဤမုဏ္ဍမင်း၏ ချစ်အပ်မြတ်နိုးအပ်သော ဘဒ္ဒါမိဖုရားသည် သေခဲ့၏၊ ထိုမင်းသည် မိမိချစ်အပ်မြတ်နိုးအပ်သော ဘဒ္ဒါမိဖုရားသေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်လည်း မတည်၊ တိုင်းရေးပြည်မှုကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရောညဉ့်ပါ မိဖုရားဘဒ္ဒါ၏ ကိုယ့်ကောင်၌ လွန်စွာ တပ်မက်ခြင်းဖြင့် မိန်းမောတွေဝေနေ၏၊ တရားကို ကြားနာရသော် သောကငြောင့်ကိုနုတ်ပယ်နိုင်စေသည့် အဘယ်သမဏဗြာဟ္မဏသို့ မုဏ္ဍမင်းသည် ချဉ်းကပ်သင့်ပါသနည်း”ဟု (အကြံဖြစ်၏)။

ထို့နောက် ရွှေတိုက်စိုး ပိယကအား ဤသို့ အကြံဖြစ်ပြန်၏ —

“ဤအသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအသျှင်နာရဒမထေရ်၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ ထွက်၏—

‘(အသျှင်နာရဒသည်) ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ အကြားအမြင်များ၏၊ ဆန်းကြယ်စွာ ပြောဆိုတတ်၏၊ ကောင်းသောပဋိဘာန်ရှိ၏၊ အသက်သိက္ခာလည်း ကြီး၏၊ ရဟန္တာလည်း ဖြစ်၏’ဟု (ပျံ့နှံ့၍ ထွက်၏)။

မုဏ္ဍမင်းသည် အကယ်၍ အသျှင်နာရဒမထေရ်ကို ဆည်းကပ်ခဲ့လျှင် အသျှင်နာရဒမထေရ်၏ စကားကိုကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်နိုင်ကောင်း နုတ်ပယ်နိုင်ရာ၏”ဟု (အကြံဖြစ်၏)။

ထိုအခါ ရွှေတိုက်စိုးပိယကသည် မုဏ္ဍမင်းစံနေရာသို့ ချဉ်းကပ်၍ မုဏ္ဍမင်းအား ဤသို့ သံတော်ဦးတင်၏—

“မင်းမြတ် ဤအသျှင်နာရဒမထေရ်သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုအသျှင်နာရဒ၏ ကောင်းသော ကျော်စောသံသည်လည်း ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏—

‘(အသျှင်နာရဒသည်) ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ထက်မြက်သောဉာဏ်ရှိ၏၊ အကြားအမြင် များ၏၊ ဆန်းကြယ်စွာ ပြောဆိုတတ်၏၊ ကောင်းသောပဋိဘာန်ရှိ၏၊ အသက်သိက္ခာလည်း ကြီး၏၊ ရဟန္တာလည်းဖြစ်၏’ဟု (ပျံ့နှံ့၍ထွက်ပါ၏)။

အသျှင်မင်းမြတ်သည် အသျှင်နာရဒမထေရ်ကို ဆည်းကပ်ခဲ့လျှင် အသျှင်နာရဒမထေရ်၏ တရားစကားကို ကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်နိုင်ရာပါ၏”ဟု (လျှောက်တင်လေ၏)။

အချင်းပိယကသို့ဖြစ်လျှင် အသျှင်နာရဒမထေရ်ကို ကြိုတင်လျှောက်ကြား သိစေပါလော့။

“ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေထိုင်သော သမဏဗြာဟ္မဏကို ရှေးဦးစွာ ကြိုတင် မသိစေဘဲချဉ်းကပ်သင့်သည်ဟု အသို့လျှင် မှတ်ယူနိုင်အံ့နည်း”ဟု (မိန့်ဆိုလေ၏)။

“မင်းမြတ် ကောင်းပါပြီ”ဟူ၍ ရွှေတိုက်စိုးပိယကသည် မုဏ္ဍမင်း၏ စကားကို ဝန်ခံခဲ့၍ အသျှင်နာရဒမထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်နာရဒမထေရ်အား—

“အသျှင်ဘုရား ဤမုဏ္ဍမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရားဘဒ္ဒါသည် နတ်ရွာစံခဲ့ပါ၏၊ ထိုမင်းသည်ချစ်အပ် မြတ်နိုးအပ်သော မိဖုရား ဘဒ္ဒါ သေဆုံးသောကြောင့် ရေလည်း မချိုး၊ နံ့သာလည်း မလိမ်းကျံ၊ ပွဲတော်ကိုလည်း မတည်၊ တိုင်းရေး ပြည်မှု ကိစ္စတို့ကိုလည်း မစီရင် မလုပ်ဆောင်၊ နေ့ရော ညဉ့်ပါဘဒ္ဒါမိဖုရား၏ အလောင်း၌ လွန်စွာ တပ်မက်မောခြင်းဖြင့် မိန်းမောတွေဝေနေပါ၏။ အသျှင်ဘုရားတောင်းပန်ပါ၏၊ အသျှင်နာရဒ၏ တရားတော်ကို ကြားနာရ၍ သောကငြောင့်ကို မုဏ္ဍမင်း ပယ်နုတ်နိုင်လောက်သော အခြင်းအရာအားဖြင့် တရားဟောတော်မူပါလော့ဟု လျှောက်လေ၏”။

ပိယက ယခုအခါ၌ မုဏ္ဍမင်းသည် တရားနာရန် အချိန်ကို သိ၏ (တရားနာရန်မှာ မုဏ္ဍမင်း၏အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

ထိုအခါ ရွှေတိုက်စိုးပိယကသည် နေရာမှထ၍ အသျှင်နာရဒကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက်မုဏ္ဍမင်းထံသို့ ချဉ်းကပ်၍ မုဏ္ဍမင်းအား—

“မင်းမြတ် အသျှင်နာရဒမထေရ် အခွင့်ပြုအပ်ပါပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို အသျှင်မင်းမြတ်သိပါ၏ (သွားရန်မှာ အသျှင်မင်းမြတ်၏ အလိုအတိုင်းပင်ဖြစ်ပါသည်)”ဟု လျှောက်တင်၏။

အချင်းပိယကသို့ဖြစ်လျှင် ကောင်းကုန် ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်လော့ဟု့ (အမိန့်ပေးလေ၏)။

“မင်းမြတ် ကောင်းပါပြီ”ဟု ရွှေတိုက်စိုး ပိယကသည် မုဏ္ဍမင်း၏ စကားကို ဝန်ခံခဲ့၍ ကောင်းကုန်ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်၍ မုဏ္ဍမင်းအား—

“မင်းမြတ် ကောင်းကုန် ကောင်းကုန်သော ယာဉ်ရထားတို့ကို ပြင်ဆင်ပြီးပါပြီ၊ မင်းမြတ်သည် ယခုအခါ၌ သွားရန်အချိန်ကို သိတော်မူပါ၏ (သွားရန်မှာ အသျှင်မင်းမြတ်၏ အလိုအတိုင်းဖြစ်ပါသည်)”ဟုလျှောက်တင်၏။

ထိုအခါ မုဏ္ဍမင်းသည် ကောင်းသောယာဉ်ကို တက်စီး၍ ကောင်းကုန် ကောင်းကုန်သော ယာဉ် တို့ဖြင့်ကုက္ကုဋာရုံကျောင်းတိုက်သို့ အသျှင်နာရဒမထေရ်ကို ဖူးမြော်ရန် ကြီးစွာသော မင်း၏ ကျက်သရေ ဖြင့်ကြွသွားတော်မူ၏။

ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ ဆင်းသက်ပြီးသော် ခြေကျင်သာလျှင် ကျောင်းတိုက်သို့ ဝင်လေ၏။

ထို့နောက် အသျှင်နာရဒထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော မုဏ္ဍမင်းအား အသျှင်နာရဒမထေရ်သည် ဤစကားကို မိန့်တော်မူ၏ —

မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အိုတတ်သော သဘောတရားသည် “မအိုပါစေလင့်”ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ် ဖြစ်စေမာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတည်း။

နာတတ်သော သဘောတရားသည် “မနာပါစေလင့်”ဟူ၍။ပ။

သေတတ်သော သဘောတရားသည် “မသေပါစေလင့်”ဟူ၍။ပ။

ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်”ဟူ၍။ပ။

ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်”ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေနတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတည်း။

မင်းကြီး အကြားအမြင်မရှိသော ပုထုဇဉ်အား အိုတတ်သော သဘောတရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် —

“အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သောသဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်ရာ၏၊ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (မဆင်ခြင်နိုင်)။

အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ မင်းကြီး အကြားအမြင် နည်းပါးသောဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူဟူ၍ ဆိုအပ်၏။

မင်းကြီး နောက်တစ်မျိုးကား အကြားမြင်မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရားသည့်နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ကုန်တတ်သော သဘောတရားသည်ကုန်ခဲ့၏။ပ။ ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရားသည် ပျက်သည်ရှိသော် ထိုပုထုဇဉ်သည် ဤသို့မဆင်ခြင်နိုင်။

“ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ် မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားသည် ပျက်စီးသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်းအဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (မဆင်ခြင်နိုင်)။

ပျက်တတ်သော သဘောတရားသည် ပျက်သည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ မင်းကြီး အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင်ပူပန်စေတတ်သူဟူ၍ ဆိုအပ်၏။

မင်းကြီး အကြားအမြင်ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏ —

“အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သောသဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်ရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (ဆင်ခြင်နိုင်၏)။

အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေးရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ မင်းကြီး အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သူဟူ၍ ဆိုအပ်၏။ ယင်းသောကငြောင့်စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။

မင်းကြီး နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ်သော သဘောတရားသည် နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ကုန်တတ်သော သဘောတရားသည်ကုန်ခဲ့၏။ပ။ ပျက်စီးတတ်သော သဘောတရားသည် ပျက်စီးခဲ့၏၊ ပျက်စီးတတ်သော သဘောတရားပျက်သည် ရှိသော် ထိုအရိယာတပည့်သည် ဤသို့ဆင်ခြင်နိုင်၏။

“ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ် မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူတွေဝေခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ရောက်ရာ၏၊ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (ဆင်ခြင်နိုင်၏)။

ပျက်တတ်သော သဘောတရားပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မငိုညည်း မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။

မင်းကြီး အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူဟူ၍ ဆိုအပ်၏၊ ယင်းသောကငြောင့် စူးဝင်သော အကြားအမြင်နည်းပါးသော ပုထုဇဉ်သည်မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင်ငြိမ်းအေးစေ၏။

မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန် တို့ကြောင့်မတုန်မလှုပ်၊ (ထိုအခါ၌ ) ရန်သူတို့သည် ထိုပညာရှိပုဂ္ဂိုလ်၏ ရှေးမူ အတိုင်း မဖောက်ပြန်သောမျက်နှာကို တွေ့မြင်၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံ သရဇ္ဈာယ်သဖြင့် ဖြစ်စေကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကိုပြသဖြင့် ဖြစ်စေ အကျိုးရနိုင် သမျှ အရာ၌ အားထုတ်ရာ၏။ ငါသော်လည်းကောင်း၊ အခြားသူသော်လည်းကောင်း (မအိုခြင်းစသော) ထို အကျိုးကို မရအပ်ဟူ၍အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ် အပ်ပြီးခဲ့ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်းဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ သည်းခံရာ၏။

ဤသို့ ဟောကြားတော်မူသည်ရှိသော် မုဏ္ဍမင်းသည် အရှင်နာရဒအား “အသျှင်ဘုရား ဤတရားဒေသနာသည် အဘယ်အမည်ရှိပါသနည်း”ဟု လျှောက်၏။

မင်းကြီး ဤတရားဒေသနာသည် သောကငြောင့်ကို ထုတ်နုတ်ကြောင်းဖြစ်၍ ‘သောကသလ္လဟရဏ’မည်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား သောကငြောင့်ကို ထုတ်ဆောင်တတ်သည် စင်စစ် မှန်ပါပေ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် ဤတရားတော်ကို ကြားနာရ၍ သောကငြောင့်ကို နုတ်ပယ်ပြီးပါပြီဟု (လျှောက်၏)။

ထို့နောက် မုဏ္ဍမင်းသည် ရွှေတိုက်စိုးပိယကကို ခေါ်၍ —

“အချင်းပိယက ထိုသို့သောကကင်းပြီးဖြစ်သောကြောင့် မိဖုရားဘဒ္ဒါ၏ အလောင်းကို မီးသင်္ဂြိုဟ် လော့၊ ထိုမိဖုရား၏ (အရိုးပြာကို)စေတီ (နတ်ကွန်း) တည်ထားလေလော့၊ ယနေ့မှ စ၍ ငါတို့သည် ရေလည်းချိုးကုန်အံ့၊ နံ့သာလည်း လိမ်းကျံကုန်အံ့၊ ပွဲတော်ကိုလည်း တည်ကုန်အံ့၊ တိုင်းရေးပြည်မှု တို့ကိုလည်းစီရင်လုပ်ဆောင်ကြကုန်အံ့”ဟု (မိန့်ဆိုလေသတည်း)။

ဒသမသုတ်။

ငါးခုမြောက် မုဏ္ဍရာဇဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။