အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၁-အာဝရဏသုတ်

၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟူ၍ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ထိုစကားတော်ကို မိန့်တော်မူ၏—

ရဟန်းတို့ ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကို လွှမ်းမိုးတတ် ပညာ၏ အားနည်းခြင်းကို ပြုတတ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ကာမဂုဏ်၌ လိုလားမှု ‘ကာမစ္ဆန္ဒ’ သည် ပိတ်ဆို့တတ်၏၊ ပိတ်ပင်တတ်၏၊ စိတ်ကိုလွှမ်းမိုးတတ်၏၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်၏။

ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် ပိတ်ဆို့တတ်၏၊ ပိတ်ပင်တတ်၏၊ စိတ်ကို လွှမ်းမိုး တတ်၏၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်၏။

ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် ပိတ်ဆို့တတ်၏၊ ပိတ်ပင်တတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်၏။

ရဟန်းတို့ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တပူပန်မှု ‘ကုက္ကုစ္စ’ သည် ပိတ်ဆို့တတ်၏၊ ပိတ်ပင်တတ်၏၊ စိတ် ကိုလွှမ်းမိုးတတ်၏၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်၏။

ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ပိတ်ဆို့တတ်၏၊ ပိတ်ပင်တတ်၏၊ စိတ်ကို လွှမ်းမိုး တတ်၏၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်၏။

ရဟန်းတို့ ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကို လွှမ်းမိုးတတ် ပညာ၏ အားနည်းခြင်းကို ပြုတတ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ထိုရဟန်းသည် စင်စစ် ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကို လွှမ်းမိုးတတ် ပညာ၏အားနည်းခြင်းကို ပြုတတ်သော ဤတရားငါးမျိုးတို့ကို မပယ်မူ၍ အားမရှိသော အားနည်းသော ပညာဖြင့် မိမိအကျိုးကိုလည်း သိလိမ့်မည်၊ သူတစ်ပါး အကျိုးကိုလည်း သိလိမ့်မည်၊ အကျိုးနှစ်ပါးစုံကိုလည်းသိလိမ့်မည်၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော) မြတ်သော ဉာဏ်အမြင်အထူးကိုလည်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ။

ရဟန်းတို့ အဝေးသို့ စီးဆင်းသွားသော တောင်ကျမြစ်သည် လျင်မြန်သော ရေအလျဉ်ရှိသည်ဖြစ်၍ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို ဆောင်ယူတိုက်ခိုက်သွားလေရာ၏၊ ယောကျာ်းသည် ထိုမြစ်၏ ကမ်းပါးနှစ်ဖက်မှ မြောင်းဝတို့ကို တူးဖောက်ဖွင့်လှစ်ရာ၏၊ ရဟန်းတို့ ဤသို့ တူးဖောက်ဖွင့်လှစ်ထားသည်ရှိသော် မြစ်လယ်ရှိ ထိုရေအလျဉ်သည် ဖရိုဖရဲ ကွဲပြားပျံ့နှံ့လျက် အထူးထူးအပြားပြား ယူအပ်သည်ဖြစ်ရကား အဝေးသို့ စီးသွားခြင်းလည်း မဖြစ်ရာ၊ လျင်မြန်သော ရေအလျဉ်လည်း မဖြစ်ရာ၊ ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို ဆောင်ယူတိုက်ခိုက်သွားသည်လည်း မဖြစ်ရာ။

ရဟန်းတို့ ဤအတူသာလျှင် စင်စစ်အားဖြင့် ထိုရဟန်းသည် ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကိုလွှမ်းမိုးတတ် ပညာ၏ အားနည်းခြင်းကို ပြုတတ်သော ဤ တရားငါးမျိုးတို့ကို မပယ်မူ၍ အားမရှိသောအားနည်းသော ပညာဖြင့် မိမိအကျိုးကိုလည်း သိလိမ့်မည်၊ သူတစ်ပါးအကျိုးကိုလည်း သိလိမ့်မည်၊ အကျိုးနှစ်ပါးစုံကိုလည်း သိလိမ့်မည်၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ကိလေသာကို ဖျက်ဆီးခြင်းငှါစွမ်းနိုင်သော) မြတ်သော ဉာဏ်အမြင်အထူးကိုလည်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ။

ရဟန်းတို့ ထိုရဟန်းသည် စင်စစ် ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကိုလွှမ်းမိုးတတ် ပညာ၏အားနည်းခြင်းကို ပြုတတ်သော ဤတရားငါးမျိုးတို့ကို ပယ်၍ အားရှိသော ပညာဖြင့် မိမိအကျိုးကိုလည်း သိလိမ့်မည်၊ သူတစ်ပါးအကျိုးကိုလည်း သိလိမ့်မည်၊ နှစ်ပါးစုံသော အကျိုးကိုလည်း သိလိမ့်မည်၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော) မြတ်သော ဉာဏ်အမြင်အထူးကိုလည်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိ၏။

ရဟန်းတို့ အဝေးသို့ စီးဆင်းသွားသော တောင်ကျမြစ်သည် လျင်မြန်သော ရေအလျဉ်ရှိသည်ဖြစ်၍ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို ဆောင်ယူတိုက်ခိုက်သွားလေရာ၏၊ ယောကျာ်းသည် ထိုမြစ်၏ ကမ်းပါးနှစ်ဖက်မှ မြောင်းဝတို့ကို ပိတ်ရာ၏၊ ရဟန်းတို့ ဤသို့ ပိတ်သည်ရှိသော် မြစ်လယ်ရှိ ထိုရေအလျဉ်သည်ဖရိုဖရဲ မကွဲပြား မပျံ့နှံ့ အထူးထူးအပြားပြား မယူအပ်သည်ဖြစ်ရကား အဝေးသို့ စီးသွားခြင်းလည်းဖြစ်ရာ၏၊ ဆောင်ယူတိုက်ခိုက်အပ်သည်တို့ကို ဆောင်ယူတိုက်ခိုက်သွားခြင်းလည်း ဖြစ်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် စင်စစ်အားဖြင့် ထိုရဟန်းသည် ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကိုလွှမ်းမိုးတတ် ပညာ၏ အားနည်းခြင်းကို ပြုတတ်သော ဤတရားငါးမျိုးတို့ကို ပယ်၍ အားရှိသော ပညာဖြင့် မိမိအကျိုးကိုလည်း သိလိမ့်မည်၊ သူတစ်ပါးအကျိုးကိုလည်း သိလိမ့်မည်၊ နှစ်ပါးစုံသော အကျိုးကိုလည်း သိလိမ့်မည်၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော) မြတ်သော ဉာဏ်အမြင်အထူးကိုလည်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။