အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၂-အကုသလရာသိသုတ်

၅၂။ ရဟန်းတို့ “အကုသိုလ်အစု”ဟူ၍ ဆိုသော သူသည် ကောင်းစွာ ဆိုလိုမူ နီဝရဏငါးမျိုး တို့ကိုဆိုရာ၏။

ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်းနီဝရဏ ငါးမျိုးတို့ပင်တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ကာမဂုဏ်ကို လိုလားမှုဟူသော ပိတ်ပင်တတ်သော တရား ‘ကာမစ္ဆန္ဒနီဝရဏ’။

ပျက်စီးစေလိုမှုဟူသော ပိတ်ပင်တတ်သော တရား ‘ဗျာပါဒနီဝရဏ’။

လေးလံထိုင်းမှိုင်းမှုဟူသော ပိတ်ပင်တတ်သော တရား ‘ထိနမိဒ္ဓနီဝရဏ’။

ပျံ့လွင့်မှု နောင်တပူပန်မှုဟူသော ပိတ်ပင်တတ်သော တရား ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’။

မဝေခွဲနိုင်မှုဟူသော ပိတ်ပင်တတ်သော တရား ‘ဝိစိကိစ္ဆာနီဝရဏ’ တို့တည်း။

ရဟန်းတို့ “အကုသိုလ်အစု”ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုမူ ဤနီဝရဏတရား ငါးမျိုး တို့ကိုဆိုရာ၏။

ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။