အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၃-ပဓာနိယင်္ဂသုတ်

၅၃။ ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်သော ပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း) အင်္ဂါတို့သည်ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါတရား’ ရှိ၏၊ “ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်းအနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည် တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်း တန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ အရဟတ္တ မဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။ (၁)

အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါခံ့သော အစာကို အညီအမျှကြေကျက်စေတတ်သည့် ဝမ်းမီးနှင့်ပြည့်စုံ၏။ (၂)

စဉ်းလဲမှု လှည့်ပတ်မှုမရှိ၊ ဆရာ၌လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။ (၃)

အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော ဝီရိယရှိ သည်ဖြစ်၍နေထိုင်၏၊ အားနှင့်ပြည့်စုံ၏၊ မြဲမြံသောလုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထား ခြင်းမရှိ။ (၄)

ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိ၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ (နိဗ္ဗာန်)သို့ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့်ပြည့်စုံ၏။ (၅)

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်သော ပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း) အင်္ဂါတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။