အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၄-သမယသုတ်

၅၄။ ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဇရာနှိပ်စက်သည်ဖြစ်၍ အို၏၊ ရဟန်းတို့ ဤသည် ကားပဌမဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဗျာဓိနှိပ်စက်သည်ဖြစ်၍ နာ၏၊ ရဟန်းတို့ ဤသည် ကားဒုတိယဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ငတ်မွတ်ခေါင်းပါး၏၊ ကောက်စပါးမကောင်း၊ ဆွမ်းရခဲ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ မလွယ်ကူ၊ ရဟန်းတို့ ဤသည်ကား တတိယဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

ရဟန်းတို့ နောက် တစ်မျိုးကား တောပုန်း ဓားပြတို့ ထကြွသောင်းကျန်းသည်ဖြစ်၍ ဇနပုဒ်နေသူတို့သည် လှည်း (ရထားယာဉ်) ကို စီးကုန်လျက် လှည့်လည်ပြေးသွားရသော ဘေးအန္တရာယ်ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား စတုတ္ထဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သံဃာကွဲပြား၏၊ ရဟန်းတို့ သံဃာကွဲပြားသည်ရှိသော် အချင်းချင်း့ဆဲရေးလည်း ဆဲရေးကုန်၏၊ အချင်းချင်း ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကုန်၏၊ အချင်းချင်းပစ်ပယ်လည်း ပစ်ပယ်ကုန်၏၊ အချင်းချင်း စွန့်ပစ်လည်း စွန့်ပစ်ကုန်၏၊ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသော သူတို့သည် မကြည်ညိုကြကုန်၊ ကြည်ညိုပြီး အချို့သူတို့လည်း အကြည်ညိုပျက်ရန်ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား (ကမ္မဋ္ဌာန်း) အားထုတ်ရန် ပဉ္စမဖြစ်သော အခါမဟုတ်ခြင်းတည်း။

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပျိုမျစ်နုနယ် ငယ်ရွယ်၍ မည်းနက်သော ဆံရှိသောပဌမအရွယ်ဖြစ်သည့် အရွယ်ကောင်းနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသည်ကား ပဋ္ဌမဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတည်း။

ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှ ကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသည်ကား ဒုတိယဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန်အချိန်အခါတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဝပြော၏၊ ကောက်စပါးကောင်းမွန်၏၊ ဆွမ်းရလွယ်၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ လွယ်ကူ၏၊ ရဟန်းတို့ ဤသည်ကား တတိယဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတည်း။

ရဟန်းတို့ နောက် တစ်မျိုးကား လူတို့သည် ညီညွတ်ကုန်၏၊ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏၊ ငြင်းခုံခိုက်ရန် မရှိကြကုန်၊ နို့နှင့်ရေ ရောနှောဘိသကဲ့သို့ ဖြစ်ကုန်၏၊ အချင်းချင်း ချစ်ခင်သော မျက်လုံးတို့ဖြင့် ကြည့်ရှုကြကုန်လျက် နေထိုင်ကြကုန်၏၊ ရဟန်းတို့ ဤသည်ကား စတုတ္ထဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သံဃာသည် ညီညွတ်၏၊ ဝမ်းမြောက်ဝမ်းသာ ရှိသည်ဖြစ်၍ ငြင်းခုံခိုက်ရန်ဖြစ်ခြင်းမရှိဘဲ ပါတိမောက်အတူပြလျက် ချမ်းသာစွာ နေ၏၊ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော် အချင်းချင်းလည်း မဆဲရေးကြကုန်၊ အချင်းချင်းလည်း မခြိမ်းခြောက်ကြကုန်၊ အချင်းချင်းလည်းမပစ်ပယ်ကြကုန်၊ အချင်းချင်းလည်း မစွန့်ပစ်ကြကုန်၊ ထို သံဃာညီညွတ်ရာ၌ မကြည်ညိုသေးသောသူတို့သည်လည်း ကြည်ညိုကြကုန်၏၊ ကြည်ညိုပြီးသူတို့၏လည်း လွန်စွာကြည်ညိုခြင်းသည် ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား ပဉ္စမဖြစ်သော (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတည်း။

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အချိန်အခါတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။