အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၇-(အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ်

၅၇။ ရဟန်းတို့ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သောအကြောင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

“(ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်း့ဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

“နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေလူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

“သေခြင်းသဘောရှိ၏၊ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

“ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

“(ငါသည်) ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ “(ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းရှိ၏၊ ယင်းပျိုရွယ်မာန်ယစ်ခြင်းဖြင့်မေ့လျော့ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို (အိုခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအားပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ “ငါသည် အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန် နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ “ငါသည် နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား အနာကင်းချိန်၌ အနာကင်းမှု မာန်ယစ်ခြင်းရှိ၏၊ ယင်းမာန်ယစ်ခြင်းဖြင့်မေ့လျော့ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို (နာခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သောထိုသူအား အနာကင်း ချိန်၌ အနာကင်းမှု မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ “ငါသည် နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန် နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ “ငါသည် သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား အသက်ရှင်ချိန်၌ အသက်မာန်ယစ်ခြင်းရှိ၏၊ ယင်းအသက် မာန်ယစ်ခြင်း ဖြင့်မေ့လျော့ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို (သေခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအားအသက်ရှင်ချိန်၌ ယင်းအသက်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ “ငါသည် သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ “ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း ‘ဆန္ဒရာဂ’ ဖြင့်စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို (ကွဲခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သောသူအား ချစ်အပ်မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်းသေကွဲကွဲရခြင်းသည် ဖြစ်ချေမည်”ဟု မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေမပြတ်ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ “ငါသည် ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသောကံ၏ အမွေခံသာ ဖြစ်ရပေမည်”ဟု မိန်းမဖြစ်စေယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို (ကံ) အကြောင်းကိုမပြတ်ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ “ငါသည် ကံသာလျှင် ဥစ္စာရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာ လျှင်အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသောကံ၏ အမွေခံသာ ဖြစ်ရပေမည်”ဟူ၍ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အရိယာတပည့်သည် “ငါတစ်ယောက်တည်းသာလျှင် အိုခြင်းသဘောရှိသည် ငါတစ်ယောက်တည်းသာလျှင် အိုခြင်းသဘောကို မလွန်ဆန်နိုင်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တခြားဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် အိုခြင်းသဘော ရှိကုန်၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ကုန်ချေ”ဟု ဆင်ခြင်၏။

ထို (အိုခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏။ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။

“ငါတစ်ယောက်တည်းသာလျှင် နာခြင်းသဘောရှိသည် ငါတစ်ယောက်တည်းသာလျှင် နာခြင်းသဘော ကိုမလွန်ဆန်နိုင်သည် မဟုတ်။ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ခြားဘုံဘဝသို့) သွားခြင်းစုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် နာခြင်းသဘော ရှိကုန်၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ကုန်ချေ”ဟု ဆင်ခြင်၏။

ထို (နာခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။

“ငါတစ်ယောက်တည်းသာလျှင် သေခြင်းသဘောရှိသည် ငါတစ်ယောက်တည်းသာလျှင် သေခြင်းသဘောကို မလွန်ဆန်နိုင်သည် မဟုတ်။ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ခြားဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ကုန်ချေ”ဟူ၍ ဆင်ခြင်၏။

ထို (သေခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။

“ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ခြားဘုံဘဝသို့) သွားခြင်းစုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေ၏”ဟု ဆင်ခြင်၏။

ထို (ကွဲခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။

“ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏အမွေခံဖြစ်သည် ကံသာလျှင်အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ခြားဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုးရှိကုန်၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်”ဟု ဆင်ခြင်၏။

ထို (ကံ) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏ဟု (မိန့်တော်မူ၏)။

သဘောတရားတို့ ဖြစ်ပေါ်လာတိုင်းသော အခြင်းအရာအားဖြင့် သတ္တဝါတို့သည် နာခြင်းသဘောရှိကုန်၏၊ အိုခြင်းသဘော ရှိကုန်၏၊ ထိုမှတစ်ပါး သေခြင်းသဘော ရှိကုန်၏၊ ပုထုဇဉ်တို့သည် (ထိုသဘောကို) စက်ဆုပ်ရွံရှာကုန်၏။ ငါသည်လည်း ဤသို့ (အိုခြင်းစသော) သဘောရှိသည့် သတ္တဝါတို့၌ ထို (အိုခြင်း စသော) သဘောကိုစက်ဆုပ် ရွံရှာငြားအံ့၊ ဤသို့ စက်ဆုပ်ရွံရှာနေသော ငါ့အား ထိုစက်ဆုပ်ရွံရှာမှုသည် မလျော်ကန်ရာ။ ဤသို့နေသော ထိုငါသည် ဥပဓိကင်းရာ တရား (အရဟတ္တဖိုလ်) ကို သိ၍ အနာကင်းခြင်း၌လည်းကောင်း၊ ပျိုမျစ်ခြင်း၌လည်းကောင်း၊ အသက်ရှင်ခြင်း၌လည်းကောင်း ဖြစ်ပေါ်လာသည့် မာန်ယစ်ခြင်း အလုံးစုံတို့ကို နှိပ်စက်လွှမ်းမိုးနိုင်၏၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို ဘေးမရှိသောအားဖြင့် ရှုမြင်၍ နိဗ္ဗာန်ကို မြင်သော ထိုငါ့အား အားထုတ်မှု ဖြစ်ပေါ်ခဲ့ပြီ။ ငါသည် ယခုအခါ ကာမဂုဏ်တို့ကို မှီဝဲရန် မထိုက်တော့ချေ၊ မြတ်သောအကျင့်သာလျှင် လဲလျောင်းရာ ရှိသည်ဖြစ်၍ (သာသနာတော်မှ) မဆုတ်နစ်တော့အံ့သတည်း။

သတ္တမသုတ်။