အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၁-ပဌမ သညာသုတ်

၆၁။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးကြီးကုန် အာနိသင်ကြီးကုန် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်သော သညာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မတင့်တယ်ဟူသော အမှတ် ‘အသုဘသညာ’၊ သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’၊ အပြစ်ဟူ၍ဖြစ်သော အမှတ် ‘အာဒီနဝသညာ’၊ မျိုအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟူသောအမှတ်’အာဟာရေပဋိကူလသညာ’၊ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိဟူသောအမှတ် ‘သဗ္ဗလောကေအနဘိရတိသညာ’တို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော်အကျိုးကြီးကုန် အာနိသင်ကြီးကုန် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်သောသညာတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။