အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၂-ဒုတိယ သညာသုတ်

၆၂။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးကြီးကုန် အာနိသင်ကြီးကုန် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်သော သညာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အမြဲမရှိဟူသော အမှတ် ‘အနိစ္စသညာ’၊ အစိုးမရ’အတ္တမဟုတ်’ဟူသော အမှတ် ‘အနတ္တသညာ’၊ သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’၊ မျိုအပ်သော အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟူသောအမှတ် ‘အာဟာရေပဋိကူလသညာ’၊ လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟူသော အမှတ် ‘သဗ္ဗလောကေအနဘိရတိသညာ’တို့တည်း။

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးကြီးကုန် အာနိသင်ကြီးကုန်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်သော သညာတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။