အင်္ဂုတ္တရနိကာယ်

၁-အာဟုနေယျဝဂ်

၁ဝ-။ မဟာနာမသုတ်

၁ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြေ ာဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သာကီဝင်မင်း မဟာနာမ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား —

“အသျှင်ဘုရား (အရိယာ) ဖိုလ်ကို ရပြီး၍ သာသနာ ‘သိက္ခာသုံးပါး’ ကို သိပြီးသော အရိယာတပည့်သည် မည်သည့် နေခြင်းဖြင့် များစွာ နေပါသနည်း”ဟု လျှောက်၏။

မဟာနာမ် (အရိယာ) ဖိုလ်ကို ရပြီး၍ သာသနာ ‘သိက္ခာသုံးပါး’ ကို သိပြီးသော အရိယာတပည့် သည်ဤ (ဆိုလတ္တံ့သော) နေခြင်းဖြင့် များစွာ နေ၏။

မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့၏ —

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်းလောကဝိဒူ မည် တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည် တော်မူ၏”ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟ့ထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်အား မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကိုအာရုံပြု၍ ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက် နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း ‘ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း’ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၁)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏ —

“မြတ်စွာဘုရား ဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့် အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား တရားတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် တရားတော်၏ ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း ‘ဓမ္မာနုဿတိကမ္မဋ္ဌာန်း’ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၂)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏ —

“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သား သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန် တော်မူပါပေ၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူ ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါ ပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူ ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့် အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား သံဃာတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်း ကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေသူ၊ (ဝိပဿနာ ဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် သံဃာတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ခြင်း ‘သံဃာ နုဿတိကမ္မဋ္ဌာန်း’ ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၃)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ (တဏှာ) ကျွန်အဖြစ်မှ လွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော မိမိ၏ သီလဂုဏ်တို့ကို အဖန်ဖန် အောက်မေ့၏။

မဟာနာမ် အရိယာတပည့်သည် သီလဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား သီလဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေ သူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် သီလဂုဏ်ကို အဖန်ဖန်အောက် မေ့ခြင်း ‘သီလာနုဿတိကမ္မဋ္ဌာန်း’ ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၄)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက် မေ့၏။

“ငါ့အား အရတော်လေစွတကား၊ ငါသည် (လူအဖြစ်ကို) ကောင်းစွာ ရအပ်ပေသည်တကား၊ အကြင်ငါသည် ဝန်တိုမှု အညစ်အကြေးတို့ ထကြွသောင်းကျန်းနေသော သတ္တဝါအပေါင်းတွင် ဝန်တိုမှုအညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ဆေးကြောပြီးသော လက်ရှိ၍စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏”ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် စွန့်ကြဲခြင်းဂုဏ်ကို အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား စွန့်ကြဲခြင်းဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို့ရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း ‘စာဂါနုဿတိ ကမ္မဋ္ဌာန်း’ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၅)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို (သက်သေထား၍ မိမိ၏သဒ္ဓါ စသောဂုဏ်ကို) အဖန်ဖန် အောက်မေ့၏၊ “စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ်တုသိတာနတ် နိမ္မာနရတိနတ် ပရိနိမ္မိတဝသဝတ္တိနတ် ဗြဟ္မာ အထက်အထက်ဗြဟ္မာတို့ ရှိကုန်၏၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုသဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုသီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထိုနတ်တို့သည်ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုအကြားအမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့်ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုစွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏”ဟု အောက်မေ့၏။

မဟာနာမ် အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါတရား၊ အကျင့်သီလ၊ အကြားအမြင်၊ စွန့်ကြဲပေးကမ်းခြင်း၊ ပညာကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွ သောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုသူအား ထိုနတ်တို့၏ သဒ္ဓါစသော ဂုဏ်ကို အာရုံပြု၍ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက်နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် နတ်တို့ကို (သက်သေထား၍မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့ခြင်း’ဒေဝတာနုဿတိကမ္မဋ္ဌာန်း’ ကို ပွါးများသူဟူ၍ဆိုအပ်၏။ (၆)

မဟာနာမ် အရိယာဖိုလ်ကို ရပြီး၍ သာသနာ ‘သိက္ခာသုံးပါး’ကို သိပြီးသော အရိယာတပည့်သည်ဤသို့သော နေခြင်းဖြင့် များစွာ နေ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အာဟုနေယျဝဂ် ပြီး၏။