အင်္ဂုတ္တရနိကာယ်

၁ဝ-အာနိသံသဝဂ်

၁၁-တဏှာသုတ်

၁ဝ၆။ ရဟန်းတို့ ဤတဏှာသုံးမျိုးတို့ကိုလည်း ပယ်အပ်ကုန်၏၊ ဤမာနသုံးမျိုးတို့ကိုလည်းပယ်အပ်ကုန်၏။

အဘယ်တဏှာသုံးမျိုးတို့ကို ပယ်အပ်ကုန်သနည်း။

ကာမတဏှာကိုလည်းကောင်း၊ ဘဝတဏှာကိုလည်းကောင်း၊ ဝိဘဝတဏှာကိုလည်းကောင်း ဤတဏှာသုံးမျိုးတို့ကို ပယ်အပ်ကုန်၏။

အဘယ်မာနသုံးမျိုးတို့ကို ပယ်အပ်ကုန်သနည်း။

အမျိုးဇာတ်စသည်ကို စွဲ၍ ဖြစ်သော မာနကိုလည်းကောင်း၊ ယုတ်သော မာနကိုလည်းကောင်း၊ အလွန်ထောင်လွှားတက်ကြွသော မာနကိုလည်းကောင်း ဤသုံးမျိုးတို့ကို ပယ်အပ်ကုန်၏။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ဤတဏှာသုံးမျိုးတို့ကိုလည်းကောင်း ဤမာနသုံးမျိုးတို့ကိုလည်းကောင်း ပယ်အပ်ကုန်၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကိုလွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ဆယ်ခုမြောက် အာနိသံသဝဂ် ပြီး၏။

ဒုတိယ သုတ်ငါးဆယ် ပြီး၏။