အင်္ဂုတ္တရနိကာယ်

၂-သာရဏီယဝဂ်

၃-နိဿာရဏီယသုတ်

၁၃။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) ထွက်မြောက်တတ်ကုန်သော ဓာတ်တို့သည် ဤခြောက်ပါး တို့တည်း။

အဘယ်ခြောက်ပါးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ —

“ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် သိမ်းကျုံးယူ၍ တည်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို ဗျာပါဒသည် သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်သည် ဗျာပါဒ၏ ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ —

“ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို ညှဉ်းဆဲလိုမှု’ဝိဟိံသ’သည်သိမ်းကျုံးယူ၍ တည်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ် ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို ညှဉ်းဆဲလိုမှု ‘ဝိဟိံသ’သည် သိမ်းကျုံးယူ၍တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်သည် ညှဉ်းဆဲလိုမှု ‘ဝိဟိံသ’၏ ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏။

“ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို မမွေ့လျော်မှု ‘အရတိ’ သည် သိမ်းကျုံးယူ၍ တည်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ်, ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို မမွေ့လျော်မှု ‘အရတိ’သည် သိမ်းကျုံးယူ၍တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်သည် မမွေ့လျော်မှု ‘အရတိ’၏ ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ —

“ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာ့လေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို စွဲမက်မှု ‘ရာဂ’သည် သိမ်းကျုံး ယူ၍ တည်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ်, ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို စွဲမက်မှု ‘ရာဂ’သည် သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို စွဲမက်မှု ‘ရာဂ’ ၏ ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ —

“ငါသည် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဘက်မှ) လွတ်သော စိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာ လေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ ဝိညာဉ်သည် (ရာဂစသော) နိမိတ်သို့ အစဉ်လိုက်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော် မမူရာပါ။

ငါ့သျှင် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဘက်မှ) လွတ်သော စိတ်ကို ပွါးများအပ်,ကြိမ်ဖန်များစွာ ပြုအပ်, ယာဉ်ကဲ့သို့ပြုအပ်, တည်ရာပြုအပ်, ဆောက်တည်၍ထားအပ်, ဆည်းပူးအပ်,ကောင်းစွာ လေ့လာအားထုတ်အပ်သည်ဖြစ်ပါလျက်ပင် ထိုရဟန်း၏ ဝိညာဉ်သည် (ရာဂစသော) နိမိတ်သို့အစဉ်လိုက်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဖက်မှ) လွတ်သော စိတ်သည် နိမိတ်အလုံးစုံတို့၏ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ —

“ငါ့အား ငါတကားဟု ထောင်လွှားမှု ကင်းရှင်းပြီးလျှင် ‘ဤခန္ဓာကိုယ်သည် ငါဖြစ်၏’ဟူ၍လည်း မရှု၊သို့ပင်ဖြစ်သော်လည်း ငါ၏ စိတ်ကို မဝေခွဲနိုင်မှုသို့လောသို့လော တွေးတောမှုဟူသော ငြောင့်သည်သိမ်းကျုံးယူ၍ တည်၏”ဟု (ဆိုရာ၏)။

ထိုရဟန်းကို “ဤသို့ မဆိုလင့်”ဟု ပြောဆိုရာ၏၊ “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် ငါတကားဟု ထောင်လွှားမှု ကင်းရှင်းပြီးလျှင် ‘ဤခန္ဓာကိုယ်သည် ငါဖြစ်၏’ဟူ၍လည်းမရှုပါဘဲလျက်ပင် မဝေခွဲနိုင်မှုသို့လောသို့လော တွေးတောမှုဟူသော ငြောင့်သည် စိတ်ကို သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ၏။

ငါ့သျှင် ‘ငါတကား’ဟု ထောင်လွှားမှုကို နုတ်ပယ်ခြင်းသည် မဝေခွဲနိုင်မှုသို့လောသို့လောတွေးတောမှု ငြောင့်၏ ထွက်မြောက်ရာပင်တည်း”ဟု (ဆိုရာ၏)။

ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) ထွက်မြောက်တတ်ကုန်သော ဓာတ်တို့သည် ဤခြောက်မျိုးတို့ တည်းဟု့ (မိန့်တော်မူ၏)။

တတိယသုတ်။