အင်္ဂုတ္တရနိကာယ်

၂-သာရဏီယဝဂ်

၉-ပဌမ မရဏဿတိသုတ်

၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ “မရဏဿတိ ‘သေခြင်း တရားကို အောက်မေ့မှု’ ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင်၏။ အမြိုက် (နိဗ္ဗာန်) လျှင် အဆုံးရှိ၏။

ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများကုန်၏လော”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် တစ်နေ့ တစ်ညဉ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုနှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် တစ်နေ့မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရ လေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် အဘယ်သို့လျှင် မရဏဿတိကို ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာပြုအပ်သည် ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် ဆွမ်းတစ်လုတ်မျှကို ဝါးမျိုးနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည်ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—

“ငါသည် ဝင်သက်ရှု၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှုချိန်အတွင်း အသက်ရှင် ရပါမူကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်ကုန်သည်ရှိသော် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ “ငါသည် တစ်နေ့ တစ်ညဉ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟုမရဏဿတိကို ပွါးများသောရဟန်း၊ “ငါသည် တစ်နေ့ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု မရဏဿတိကို ပွါးများသော ရဟန်း၊ “ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု မရဏဿတိကို ပွါးများသောရဟန်း၊ “ငါသည် လေးလုတ်ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟုမရဏဿတိကို ပွါးများသောရဟန်း၊ ဤရဟန်းတို့ကို မေ့လျော့စွာ နေကြကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရားကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ “ငါသည် ဆွမ်းတစ်လုတ်တည်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု မရဏဿတိကို ပွါးများသောရဟန်း၊ “ငါသည် ဝင်သက်ရှူ၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမ တော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည့်ဖြစ်ရာ၏”ဟု မရဏဿတိကို ပွါးများသော ရဟန်း၊ ဤရဟန်းတို့ကို မမေ့မလျော့နေကြကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရားကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကိုပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ထို့ကြောင့်လျှင် ဤသို့ ကျင့်ရမည် “မမေ့မလျော့ နေကုန်အံ့၊ အာသဝေါတရားတို့ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကမ္မဋ္ဌာန်းကို ပွါးများကုန်အံ့”ဟူ၍ (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။