အင်္ဂုတ္တရနိကာယ်

၃-အနုတ္တရိယဝဂ်

၉-ဥဒါယီသုတ်

၂၉။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို “ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သောအကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း”ဟု မေးတော်မူ၏။

ဤသို့ မေးတော်မူသည်ရှိသော် အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်အောင်လည်း “ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည်အဘယ်မျှရှိကုန်သနည်း”ဟု မေးတော်မူ၏၊ နှစ်ကြိမ်တိုင်အောင်လည်း အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

မြတ်စွာဘုရားသည် သုံးကြိမ်တိုင်အောင်လည်း “ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း”ဟု မေးတော်မူ၏၊ သုံးကြိမ်တိုင်အောင်လည်း အသျှင်ဥဒါယီသည်ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီအား —

“ငါ့သျှင် ဥဒါယီ သင့်ကို မြတ်စွာဘုရား မေးမြန်းတော်မူ၏”ဟု ဆို၏။

ငါ့သျှင်အာနန္ဒာ ငါသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားပါ၏။

အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန်အောက်မေ့၏။

ဤသည်ကား အဘယ်နည်း —

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန် အောက်မေ့၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်းဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤဥဒါယီသည် လွန်မြတ်သော (သမာဓိ, ဝိပဿနာနှင့်ယှဉ်သော) စိတ်ကို အားထုတ်လျက် မနေသူဟု့ငါသိ၏”ဟူ၍ မိန့်တော်မူ၏။

အာနန္ဒာ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှရှိသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် ငါးမျိုးရှိပါကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် မျက်မှောက်၌ ချမ်းသာစွာ နေရန်ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် အာလောကသညာ ‘အလင်းရောင်ဟူသောအမှတ်’ ကိုနှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို ဆောက်တည်၏၊ နေ့အခါကဲ့သို့ ညဉ့်အခါ၌ ဖြစ်၏၊ ညဉ့်အခါကဲ့သို့ နေ့အခါ၌ ဖြစ်၏၊ ဤသို့ ဟင်းလင်းပွင့်၍ (နီဝရဏ) မမြှေးယှက်သော စိတ်ဖြင့် အရောင်အလင်းနှင့်တကွ စိတ်ကို ပွါး၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများ အပ်ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်း ကျင်အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤကိုယ်ခန္ဓာကိုပင်စူးစိုက်ဆင်ခြင်၏။

“ဤကိုယ်ခန္ဓာ၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို ့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏”ဟု (စူးစိုက်ဆင်ခြင်၏)။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ပွါးများအပ်ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် ကာမ၌ စွဲမက်မှု ‘ကာမရာဂ’ ကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်အဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသောသင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင် “ဤငါ၏ကိုယ်သည်လည်း ဤသို့သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

ဥပမာတစ်မျိုးသော်ကား ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သောမြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် “ဤငါ၏ ကိုယ်သည်လည်း ဤသို့သဘော ရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကိုမလွန်ဆန်နိုင်”ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

ဥပမာတစ်မျိုးသော်ကား ရဟန်းသည် အသားအသွေးရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသားကင်း၍ သွေးတို့ဖြင့်ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသွေးအသားကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသောသင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ တစ်နေရာ၌ လက်ရိုး တစ်နေရာ၌ ခြေရိုးတစ်နေရာ၌ ခြေဖမျက်ရိုး တစ်နေရာ၌ မြင်းခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုးတစ်နေရာ၌ နံရိုး တစ် နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ ပခုံးရိုး တစ်နေရာ၌ လည်ပင်းရိုးတစ်နေရာ၌ မေးရိုးတစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက်ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ခရုသင်းအဆင်းနှင့်အတူဖြူဖွေးနေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ နှစ်လွန်လျက် စုပုံနေသော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ဆွေးမြည့်လျက် အမှုန့်ဖြစ်ကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကို ပင်လျှင်”ဤ ငါ၏ ကိုယ်သည်လည်း ဤသို့သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန်အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ငါတကားဟု ထောင်လွှားသော မာနကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သုခဝေဒနာကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် များစွာသော စိတ်တို့ကို ထိုးထွင်း၍သိရန်ဖြစ်ပါ၏၊ အသျှင်ဘုရား ဤသည်တို့ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းငါးမျိုးတို့ပါတည်းဟု (လျှောက်၏)။

အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာသို့ဖြစ်လျှင် သင်သည် ဤခြောက်ခုမြောက် ဖြစ်သောအဖန်ဖန် အောက်မေ့အပ်သော အကြောင်းကိုလည်း မှတ်လေဦးလော့။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သတိရှိသည်ဖြစ်၍သာလျှင် ရှေ့သို့ တက်၏၊ သတိရှိ သည်ဖြစ်၍သာလျှင် နောက်သို့ ဆုတ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် ရပ်၏၊ သတိရှိသည်ဖြစ်၍သာလျှင်ထိုင်၏၊ သတိရှိသည်ဖြစ်၍သာလျှင် အိပ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် အမှုကို ဆောက်တည်၏၊ အာနန္ဒာ ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပင်တည်း၊ ဤသို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် သတိရှိရန် အဆင်ခြင်ဉာဏ်ရှိရန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။