အင်္ဂုတ္တရနိကာယ်

၃-အနုတ္တရိယဝဂ်

၁ဝ-အနုတ္တရိယသုတ်

၃ဝ။ ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အမြတ်ဆုံး အမြင်။

အမြတ်ဆုံး အကြား။

အမြတ်ဆုံး လာဘ်။

အမြတ်ဆုံး သိက္ခာ။

အမြတ်ဆုံး လုပ်ကျွေးမှု။

အမြတ်ဆုံး အောက်မေ့မှုတို့တည်း။

ရဟန်းတို့ အမြတ်ဆုံး အမြင်မျိုးဟူသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဆင်ရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ မြင်းရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ ပတ္တမြားရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ အမြတ့်အယုတ်ကိုမူလည်း ကြည့်ရှုရန် သွား၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏကိုဖြစ်စေဗြာဟ္မဏကိုဖြစ်စေ ကြည့်ရှုရန် သွား၏၊ ရဟန်းတို့ ဤအမြင်သည် ရှိ၏၊ ဤအမြင်မျိုးကို မရှိဟူ၍ငါမဆို။ ရဟန်းတို့ ထို (ဆင်ရတနာစသည်ကို) မြင်ရခြင်းသည် ယုတ်သော အမြင်ပင်တည်း၊ ရွာနေသူတို့၏ အမြင်ပင်တည်း၊ ပုထုဇဉ်တို့၏ အမြင်ပင်တည်း၊ အရိယာ မဟုတ်သူတို့၏ အမြင်ပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန်မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော သဒ္ဓါ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကို ဖြစ်စေ ဖူးမြော်ရန် သွား၏။

ရဟန်းတို့ သက်ဝင်သော သဒ္ဓါ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေအကြင်ဖူးမြော်ရန် သွား၏။ (ထိုသူ၏) ဤဖူးမြော်ရခြင်းမျိုးသည် သတ္တဝါတို့၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး အမြင်ဖြစ်၏။

ရဟန်းတို့ ဤအမြင်ကို အမြတ်ဆုံး အမြင်ဟူ၍ ဆိုအပ်၏၊ ဤသည်ကား အမြတ်ဆုံး အမြင်တည်း။

အမြတ်ဆုံး အကြားမျိုးဟူသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် စည်တီးသံကိုလည်း ကြားရန် သွား၏၊စောင်းသံကိုလည်း ကြားရန် သွား၏၊ သီချင်းဆိုသံကိုလည်း ကြားရန် သွား၏၊ မြတ်သောအသံ ယုတ်သော အသံတို့ကိုလည်း ကြားရန် သွား၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း တရားကိုလည်း ကြားရန် သွား၏၊ ရဟန်းတို့ ဤကြားခြင်းမျိုးသည် ရှိ၏၊ ဤသို့ကြားခြင်းမျိုးကို မရှိဟူ၍ ငါမဆို၊ ရဟန်းတို့ ထိုသို့သော ကြားခြင်းမျိုးသည် ယုတ်သော အကြားတည်း၊ ရွာနေသူတို့၏ အကြားပင်တည်း၊ ပုထုဇဉ်တို့၏ အကြားပင်တည်း၊ အရိယာမဟုတ်သူတို့၏အကြားပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၏လည်းကောင်း၊ မြတ်စွာဘုရား တပည့်သာဝက၏လည်းကောင်း တရားတော်ကို ကြားနာရန် သွား၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၏လည်းကောင်း၊ မြတ်စွာဘုရား တပည့်သာဝက၏လည်းကောင်း တရားတော်ကို အကြင် ကြားနာရန် သွား၏၊ (ထိုသူ၏) ဤအကြားမျိုးသည်သတ္တဝါတို့၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး အကြားဖြစ်၏။

ရဟန်းတို့ ဤအကြားကို အမြတ်ဆုံးအကြားဟူ၍ ဆိုအပ်၏၊ ဤသည်ကား အမြတ်ဆုံးအမြင်အမြတ်ဆုံး အကြားပေတည်း။

အမြတ်ဆုံး လာဘ်ဟူသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သားလာဘ်ကိုလည်း ရ၏၊ မယားလာဘ်ကိုလည်း ရ၏၊ ဥစ္စာလာဘ်ကိုလည်း ရ၏၊ မြတ်သောလာဘ် ယုတ်သောလာဘ်ကိုလည်း ရ၏၊ မှားသောအယူ မှား သောအကျင့်ရှိသော သမဏ၌ ဖြစ်စေ ဗြာဟ္မဏ၌ ဖြစ်စေ ယုံကြည်မှု ‘သဒ္ဓါ’ကို ရ၏၊ ရဟန်းတို့ ဤလာဘ်မျိုးသည် ရှိ၏၊ ဤလာဘ်မျိုးကို မရှိဟူ၍ ငါမဆို၊ ရဟန်းတို့ ဤလာဘ်မျိုးသည် ယုတ်သောလာဘ်တည်း၊ ရွာနေသူတို့၏ လာဘ်ပင်တည်း၊ ပုထုဇဉ်တို့၏ လာဘ်ပင်တည်း၊ အရိယာမဟုတ်သူတို့၏လာဘ်ပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၌ ဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝက၌ ဖြစ်စေ ယုံကြည်မှု ‘သဒ္ဓါ’ တရားကို ရ၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၌ ဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝက၌ ဖြစ်စေ အကြင်ယုံကြည်မှု ‘သဒ္ဓါ’ တရားကို ရ၏။ (ထိုသူ၏) ဤလာဘ်မျိုးသည် သတ္တဝါတို့၏ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး လာဘ်ဖြစ်၏။

ရဟန်းတို့ ဤလာဘ်ကို အမြတ်ဆုံးလာဘ်ဟူ၍ ဆိုအပ်၏။ ဤသည်ကား အမြတ်ဆုံးအမြင်အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ်ပေတည်း။

အမြတ်ဆုံး သိက္ခာဟူသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဆင်စီးအတတ်ကိုလည်း သင်ယူ၏၊ မြင်းစီးအတတ်ကိုလည်း သင်ယူ၏၊ ရထားစီးအတတ်ကိုလည်း သင်ယူ၏၊ လေးပစ်အတတ်ကိုလည်း သင်ယူ၏၊ မြတ်သောအတတ် ယုတ်သောအတတ်ကိုလည်း သင်ယူ၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း မှားသော အကျင့်ကို သင်ယူ၏။ ရဟန်းတို့ ဤသင်ယူမှုမျိုးသည်ရှိ၏၊ ဤသင်ယူမှုမျိုးကိ်ု မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော သင်ယူမှုမျိုးသည် ယုတ်သော သင်ယူမှုပင်တည်း၊ ရွာသူတို့၏သင်ယူမှုပင်တည်း၊ ပုထုဇဉ်တို့၏ သင်ယူမှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ သင်ယူမှုပင်တည်း၊ အကျိုး စီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန်မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ ‘သာသနာ’၌ လွန်ကဲသော သီလကိုလည်း သင်ယူ၏၊ လွန်ကဲသော သမာဓိကိုလည်း သင်ယူ၏၊ လွန်ကဲသော ပညာကိုလည်း သင်ယူ၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ’သာသနာ’၌ လွန်ကဲသော သီလကိုလည်း အကြင်သင်ယူ၏၊ လွန်ကဲသော သမာဓိကိုလည်း အကြင်သင်ယူ၏၊ လွန်ကဲသော ပညာကိုလည်း အကြင်သင်ယူ၏၊ (ထိုသူ၏) ဤသင်ယူမှုမျိုးသည် သတ္တဝါတို့၏ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး သင်ယူမှုဖြစ်၏။

ရဟန်းတို့ ဤသင်ယူမှုကို အမြတ်ဆုံးသိက္ခာဟူ၍ ဆိုအပ်၏။

ဤသည်ကား အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ် အမြတ်ဆုံးသိက္ခာပင်တည်း။

အမြတ်ဆုံးလုပ်ကျွေးမှုမျိုးသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မင်းကိုလည်း လုပ်ကျွေး၏၊ ပုဏ္ဏားကိုလည်း လုပ်ကျွေး၏၊ သူဌေးသူကြွယ်ကိုလည်း လုပ်ကျွေး၏၊ မြတ်သောသူ ယုတ်သောသူကိုလည်း လုပ်ကျွေး၏၊ မှားသောအယူမှားသောအကျင့်ရှိသော သမဏကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ လုပ်ကျွေး၏၊ ရဟန်းတို့ ဤလုပ်ကျွေးမှုမျိုးသည် ရှိ၏၊ ဤလုပ်ကျွေးမှုမျိုးကို မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ယုတ်ညံ့သော လုပ်ကျွေးမှုပင်တည်း၊ ရွာသူတို့၏လုပ်ကျွေးမှုပင်တည်း၊ ပုထုဇဉ်တို့၏ လုပ်ကျွေးမှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ လုပ်ကျွေးမှုပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်။ပ။ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝကကိုဖြစ်စေ လုပ်ကျွေး၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေ အကြင် လုပ်ကျွေး၏။ ထိုသူ၏ ဤလုပ်ကျွေးမှုမျိုးသည် သတ္တဝါတို့၏ ကိလေသာမှစင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး လုပ်ကျွေးမှုဖြစ်၏။

ရဟန်းတို့ ဤလုပ်ကျွေးမှုကို အမြတ်ဆုံးလုပ်ကျွေးမှုဟူ၍ ဆိုအပ်၏။

ဤသည်ကား အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ် အမြတ်ဆုံးသိက္ခာ အမြတ်ဆုံးလုပ်ကျွေးမှုပင်တည်း။

အမြတ်ဆုံးအောက်မေ့မှုသည် အဘယ်သို့ ဖြစ်သနည်း —

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သားသမီးရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ မယားရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ ဥစ္စာရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ မြတ်သောလာဘ် ယုတ်သော လာဘ်ကိုလည်း အဖန်ဖန် အောက်မေ့၏၊ မှားသော အယူ မှားသောအကျင့်ရှိသော သမဏ ကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ အဖန်ဖန် အောက်မေ့၏။ ရဟန်းတို့ ဤသို့သောအဖန်ဖန် အောက်မေ့မှု မျိုးသည် ရှိ၏၊ ဤအောက်မေ့မှုမျိုးကို မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော အောက်မေ့မှုမျိုးသည် ယုတ်သော အောက်မေ့မှုပင်တည်း၊ ရွာသူတို့၏ အောက်မေ့မှုပင်တည်း၊ ပုထုဇဉ်တို့၏ အောက်မေ့မှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ အောက်မေ့မှုပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည်ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝကကိုဖြစ်စေ အဖန်ဖန် အောက်မေ့၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေ အကြင် အဖန်တလဲလဲ အောက်မေ့၏၊ (ထိုသူ၏) ဤအောက်မေ့မှုမျိုးသည့်သတ္တဝါတို့ ၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်းနှလုံးမသာခြင်း တို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံးအောက်မေ့မှုဖြစ်၏။

ရဟန်းတို့ ဤအောက်မေ့မှုကို အမြတ်ဆုံး အောက်မေ့မှုဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဤသည်တို့ကား အမြတ်ဆုံး တရားခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ်ကို ရသည် ဖြစ်၍အမြတ်ဆုံးသင်ယူမှု၌ မွေ့လျော်ပြီးလျှင် အမြတ်ဆုံးလုပ်ကျွေးမှု၌ တည်လျက် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’နှင့်ယှဉ်သော ဘေးကင်း၍ မသေရာ (နိဗ္ဗာန်)သို့ ရောက်စေတတ်သည့် အမြတ်ဆုံးအောက်မေ့မှုကိုပွါးများကုန်၏။ ထိုသူတို့သည် မမေ့မလျော့မှု၌ ဝမ်းမြောက်ကုန် ရင့်ကျက်သော ပညာရှိကုန် သီလကိုစောင့်ရှောက်ကုန်သည်ဖြစ်၍ စင်စစ် ဆင်းရဲဒုက္ခချုပ်ရာ နိဗ္ဗာန်ကို လျောက် ပတ်သော အခါ၌ သိကြလေကုန်သတည်း။

ဒသမသုတ်။

သုံးခုမြောက် အနုတ္တရိယဝဂ် ပြီး၏။