အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၁-သေခသုတ်

၃၁။ ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အမှုသစ်၌ မွေ့လျော်ခြင်း။

စကားပြောမှု၌ မွေ့လျော်ခြင်း။

အိပ်မှု၌ မွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မွေ့လျော်ခြင်း။

ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း။

စားဖွယ်၌ အတိုင်းအရှည် မသိခြင်းတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အမှုသစ်၌ မမွေ့လျော်ခြင်း။

စကားပြောမှု၌ မမွေ့လျော်ခြင်း။

အိပ်မှု၌ မမွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။

ဣန္ဒြေတို့၌ တံခါးပိတ်ထားခြင်း။

စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်းတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။