အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၂-ပဌမ အပရိဟာနသုတ်
၃၂။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက်ဤစကားကို လျှောက်ထား၏။
အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
မြတ်စွာဘုရား၌ ရိုသေခြင်း။
တရား၌ ရိုသေခြင်း။
သံဃာ၌ ရိုသေခြင်း။
အကျင့် ‘သိက္ခာ’၌ ရိုသေခြင်း။
မမေ့မလျော့မှု၌ ရိုသေခြင်း။
အစေ့အစပ်ပြုမှု၌ ရိုသေခြင်း တို့ပါတည်း။
အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။
ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။
ထိုအခါ ထိုနတ်သားသည် “ငါ၏ (စကားကို) မြတ်စွာဘုရား နှစ်သက်လိုက်လျောတော်မူ၏”ဟု သိ၍မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ပျောက်ကွယ်လေ၏။
မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့ကို—
“ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါအလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား ဤစကားကို လျှောက်၏ —
အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
မြတ်စွာဘုရား၌ ရိုသေခြင်း။
တရား၌ ရိုသေခြင်း။
သံဃာ၌ ရိုသေခြင်း။
အကျင့် ‘သိက္ခာ’၌ ရိုသေခြင်း။
မမေ့မလျော့မှု ‘အပ္ပမာဒ’၌ ရိုသေခြင်း။
အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေခြင်း တို့ပါတည်း။
အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။
ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်၏”ဟု (မိန့်တော်မူ၏)။
ဘုရား၌ ရိုသေခြင်းရှိသော၊ တရား၌ ရိုသေခြင်းရှိသော၊ သံဃာ၌လည်း ထက် သန်စွာရိုသေခြင်းရှိသော၊ မမေ့မလျော့ခြင်း၌ ရိုသေခြင်းရှိသော၊ အစေ့အစပ်ပြု ခြင်း၌ ရိုသေခြင်းရှိသော ရဟန်းသည် ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်၏ အနီး၌ သာလျှင် ဖြစ်၏။
ဒုတိယသုတ်။