အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၄-မဟာမောဂ္ဂလ္လာနသုတ်

၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်းတော်မူသော အသျှင်မဟာမောဂ္ဂလာန်အား —

“သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု အဘယ်နတ်တို့အား ဤသို့သော အသိဉာဏ်ဖြစ်ပါသနည်းဟူ၍စိတ် အကြံဖြစ်တော်မူ၏။

ထိုအခါ၌ တိဿမည်သော ရဟန်းသည် ယခုပင် ကွယ်လွန်သည်ဖြစ်၍ ဗြဟ္မာ့ဘုံတစ်ခုသို့ ရောက်၏၊ ထိုဗြဟ္မာ့ဘုံ၌လည်း “တိဿဗြဟ္မာသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏”ဟု ထိုဗြဟ္မာတို့ သိကြကုန်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်းထို့အတူ ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်လေ၏၊ တိဿဗြဟ္မာသည်အဝေးမှ ကြွလာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ အသျှင်မဟာမောဂ္ဂလာန်အား ဤစကားကိုလျှောက်၏။

“အသျှင်မြတ် မောဂ္ဂလာန် လာပါလော့၊ အသျှင်မြတ် မောဂ္ဂလာန် အသျှင်မြတ်၏ လာခြင်းသည်ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ် မောဂ္ဂလာန် ဤဗြဟ္မာ့ပြည်သို့ ကြွလာခြင်း၏ အလှည့်ကိုကြာမြင့်မှပင် ပြုဘိ၏၊ အသျှင်မြတ် မောဂ္ဂလာန် ထိုင်တော်မူပါ၊ ဤသည်ကား ခင်းထားပြီးသော နေရာပါတည်း”ဟု (လျှောက်၏)။

အသျှင်မဟာမောဂ္ဂလာန်သည် ခင်းထားသော နေရာ၌ ထိုင်နေ၏။

တိဿဗြဟ္မာသည်လည်း အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။

တစ်ခုသော နေရာ၌ ထိုင်နေပြီးသော တိဿဗြဟ္မာအား အသျှင်မဟာမောဂ္ဂလာန်သည် —

တိဿ “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု အဘယ်နတ်တို့အား အသိဉာဏ်ဖြစ်ပါသနည်းဟု မေး၏။

အသျှင်မြတ် မောဂ္ဂလာန် စာတုမဟာရာဇ်နတ်တို့အား “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်း သဘောမရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ် သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့အသိဉာဏ်ဖြစ်ပါသည်ဟု (လျှောက်၏)။

တိဿစာတုမဟာရာဇ်နတ်အားလုံးတို့အား “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့ အသိဉာဏ်ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် မောဂ္ဂလာန် “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု စာတုမဟာရာဇ်နတ်အားလုံးတို့အားဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် မပြည့်စုံကြကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် မပြည့်စုံကုန်သော စာတုမဟာရာဇ်နတ်တို့အား”သောတာပန်ပုဂ္ဂိုလ်တို့ မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် ပြည့်စုံကုန်သော စာတုမဟာရာဇ်နတ်တို့အား “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့ အသိဉာဏ် ဖြစ်ပါသည်ဟု (လျှောက်၏)။

တိဿ “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟူ၍ ဤသို့ အသိဉာဏ်သည် စာတုမဟာရာဇ်နတ်တို့အားသာလျှင် ဖြစ်ပါသလော၊ ထိုသို့မဟုတ် တာဝတိံသာနတ်တို့အားလည်း။ပ။ ယာမာနတ်တို့အားလည်း။ပ။ တုသိတာနတ်တို့အားလည်း။ပ။ နိမ္မာနရတိနတ်တို့အားလည်း။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့အားလည်း “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟူ၍ ဤသို့ အသိဉာဏ်သည် ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟူ၍ ဤသို့ အသိဉာဏ်သည် ပရနိမ္မိတဝသဝတ္တီနတ်တို့အားလည်း ဖြစ်ပါ၏ဟု (လျှောက်၏)။

တိဿ ပရနိမ္မိတဝသဝတ္တ္တီိနတ် အားလုံးတို့အား “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့အသိဉာဏ်ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် မောဂ္ဂလာန် “သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ပရနိမ္မိတဝသဝတ္တီနတ်တို့အားလုံးတို့အား ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် မပြည့်စုံကြကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် မပြည့်စုံကုန်သော ပရနိမ္မိတဝသဝတ္တီနတ်တို့အား”သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ့်သုံးပါးလျှင် လားရာ ရှိကုန်၏”ဟု ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့်ပြည့်စုံကုန်သော ပရနိမ္မိတဝသဝတ္တီနတ်တို့အား”သောတာပန်ပုဂ္ဂိုလ်တို့ မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏”ဟု ဤသို့ အသိဉာဏ် ဖြစ်ပါ၏ဟု (လျှောက်၏)။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် တိဿဗြဟ္မာလျှောက်သော စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကိုဆန့်သကဲ့သို့လည်း ကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်းထို့အတူ သာလျှင် ဗြဟ္မာ့ဘုံမှ ကွယ်ပျောက်ခဲ့၍ ဇေတဝန်ကျောင်းတော်၌ ထင်ရှားဖြစ်လေ၏။

စတုတ္ထသုတ်။