အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၃-ဣဏသုတ်

၄၅။ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသောသူအား လူမွဲဖြစ်မှုသည် ဆင်းရဲသည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော လူမွဲသည် ကြွေးယူရ၏။ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသောသူအား ကြွေးယူရခြင်းသည်လည်း ဆင်းရဲသည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော လူမွဲသည် ကြွေးယူ၍ အတိုးကို (ပေးပါမည်ဟု) ဝန်ခံရ၏၊ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသောသူအား အတိုးကို (ပေးပါမည်ဟု) ဝန်ခံရခြင်းသည်လည်း ဆင်းရဲသည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော လူမွဲသည် အတိုးကို (ပေးပါမည်ဟု) ဝန်ခံပြီး၍အချိန်ဖြင့် ပေးဆပ်ရသော အတိုးကို မပေးဆပ်နိုင်၊ ထိုသူကို (ကြွေးရှင်တို့သည်) တောင်းဆို ‘စောဒနာ’ကုန်၏၊ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသောသူအား ကြွေးတောင်းခံရခြင်းသည်လည်းဆင်းရဲသည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော လူမွဲသည် တောင်းဆိုအပ်သည်ရှိသော် မပေးအပ်နိုင်၊ ထိုသူကို (ကြွေးရှင်တို့သည်) အစဉ်လိုက်ကုန်၏၊ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသောသူအားကြွေးရှင်တို့ အလိုက်ခံရခြင်းသည်လည်း ဆင်းရဲသည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော လူမွဲသည် အစဉ်လိုက်အပ်သော် မပေးဆပ်နိုင်၊ ထိုသူကိုချုပ်နှောင်ကြကုန်၏၊ ရဟန်းတို့ လောက၌ ကာမဂုဏ်ကို ခံစားသော သူအား ချုပ်နှောင်ခံရခြင်းသည်လည်း ဆင်းရဲသည်မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏။

ရဟန်းတို့ ဤသို့လျှင် လောက၌ ကာမဂုဏ်ခံစားသောသူအား လူမွဲဖြစ်မှုသည်လည်း ဆင်းရဲ၏၊ ကြွေးယူရခြင်းသည်လည်း ဆင်းရဲ၏၊ အတိုးကို (ပေးဆပ်ပါမည်ဟု) ဝန်ခံရခြင်းသည်လည်း ဆင်းရဲ၏၊ ကြွေးတောင်းခံရခြင်းသည်လည်း ဆင်းရဲ၏၊ ကြွေးရှင်တို့ အလိုက်ခံရခြင်းသည်လည်း ဆင်းရဲ၏၊ အချုပ်အနှောင်ခံရခြင်းသည်လည်း ဆင်းရဲ၏။

ရဟန်းတို့ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူအား ကုသိုလ်တရားတို့၌ ယုံကြည်မှု ‘သဒ္ဓါ’ မရှိ၊ ရှက်မှု ‘ဟိရီ’ မရှိ၊ ထိတ်လန့်မှု ‘သြတ္တပ္ပ’ မရှိ၊ အားထုတ်မှု ဝီရိယမရှိ၊ သိမှု ‘ပညာ’ မရှိ။

ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အရိယာတို့၏ အဆုံးအမ၌ ကိုယ်ပိုင်ဥစ္စာမဲ့သူ၊ မကြွယ်ဝသူ၊ လူမွဲဟူ၍ဆိုအပ်၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော ထိုလူမွဲသည် ကုသိုလ်တရားတို့၌ သဒ္ဓါမျှ မရှိခဲ့ သော်၊ ဟိရီမျှ မရှိခဲ့သော်၊ သြတ္တပ္ပမျှ မရှိခဲ့သော်၊ ဝီရိယမျှ မရှိခဲ့သော်၊ ပညာမျှ မရှိခဲ့သော် ကိုယ်နှုတ်စိတ်ဖြင့်ဒုစရိုက်ကို ပြုကျင့်၏၊ ဤသည်ကို ထိုသူ၏ ကြွေးယူမှုဟူ၍ ငါဆို၏၊ ထိုသူသည် ထိုကာယဒုစရိုက့်ဝစီဒုစရိုက် မနောဒုစရိုက်ကို ဖုံးလွှမ်းခြင်းဟူသော အကြောင်းကြောင့် ယုတ်ညံ့သော တောင့်တမှုကိုအားထုတ်၏၊ “ငါ့ကို သူတစ်ပါးတို့ မသိပါစေလင့်”ဟု အလိုရှိ၏၊ “ငါ့ကို သူတစ်ပါးတို့မသိပါစေလင့်”ဟု ကြံ၏၊ “ငါ့ကို သူတစ်ပါးတို့ မသိပါစေလင့်”ဟု စကားပြောဆို၏၊ “ငါ့ကို သူတစ်ပါးတို့ မသိပါစေလင့်”ဟု ကိုယ်ဖြင့် လုံ့လပြု၏၊ ဤသည်ကို ထိုသူ၏ အတိုးတက်မှုဟူ၍ ငါဆို၏။

ထိုပုဂ္ဂိုလ်ကို သီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့က “ဤအသျှင်သည် ဤသို့ ပြုလေ့ ရှိ၏၊ ဤသို့ အကျင့်ရှိ၏”ဟု ပြောဆိုကြကုန်၏။

ဤသည်ကို ထိုသူ၏ ကြွေးတောင်းခံရမှုဟူ၍ ငါဆို၏။

တောအရပ်သို့ ဖြစ်စေ သစ်ပင်ရင်းသို့ ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ဖြစ်စေ ကပ်သော ထိုသူကိုနှလုံးမသာခြင်းနှင့် တကွ ဖြစ်ကုန်သော ယုတ်ညံ့သော အကုသလဝိတက်တို့သည် အစဉ်လိုက်ကုန်၏၊ ဤသည်ကို ထိုသူ၏ ကြွေးရှင်တို့ အလိုက်ခံရမှုဟူ၍ ငါဆို၏။

ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာမဲ့သော မကြွယ်ဝသော ထိုလူမွဲသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှုကိုပြုကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ငရဲဟူသော အနှောင်အဖွဲ့ဖြင့်လည်းနှောင်ဖွဲ့ခံရ၏၊ တိရစ္ဆာန်ဘဝ၌ ဖြစ်ခြင်းဟူသော အနှောင်အဖွဲ့ဖြင့်လည်း နှောင်ဖွဲ့ခံရ၏။

ရဟန်းတို့ ငရဲဘုံ၌ ဖြစ်သော နှောင်ဖွဲ့ခြင်း၊ တိရစ္ဆာန်ဘုံ၌ ဖြစ်သော နှောင်ဖွဲ့ခြင်းကဲ့သို့ ထို့အတူ ဤသို့ကြမ်းတမ်းသော၊ ဤသို့စပ်ခါးသော၊ အတုမရှိသော ယောဂလေးပါးကုန်ရာ (နိဗ္ဗာန်) ကို ရရန်အတွက် ဤကဲ့သို့ အန္တရာယ်ပြုတတ်သည့် အခြားတစ်စုံတစ်ခုသော အနှောင်အဖွဲ့ကိုမျှလည်း ငါမမြင်ဟု (မိန့်တော်မူ၏)။

လောက၌ လူမွဲဖြစ်ရခြင်းကိုလည်းကောင်း၊ ကြွေးယူရခြင်းကိုလည်းကောင်း ဆင်းရဲ၏ဟူ၍ ဆိုအပ်၏။ လူမွဲသည် ကြွေးယူ၍ စားသောက်ရသောကြောင့် ပင်ပန်း၏။ ထို့ကြောင့် ထိုသူကို ကြွေးရှင်တို့ အစဉ်လိုက်ကုန်၏၊ (ထိုသူသည်) ချုပ်နှောင်ခံ ရခြင်းသို့လည်းရောက်ရ၏၊ ကာမဂုဏ်ရမှုကို တောင့်တသူတို့အား ထိုနှောင်ဖွဲ့ခံ ရခြင်းသည် ဆင်းရဲသည်သာတည်း။ ထို့အတူ သာလျှင် အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမ၌ သဒ္ဓါတရားမရှိသူ၊ မရှက် တတ်သူ၊ မထိတ်လန့်တတ်သူ၊ မကောင်းမှုကံကို ဖြစ်ပွါးစေတတ်သူသည် ကာယ ဒုစရိုက် ဝစီဒုစရိုက်မနောဒုစရိုက်ကို ပြု၍ ငါ့ကို မသိပါစေလင့်ဟု အလိုရှိ၏။ ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှုကို ပွါးစေသူသည် ထိုမကောင်းမှု၌ အဖန်ဖန် ရွေ့ရှား တုန်လှုပ်၏။ မိမိ၏ မကောင်းသော အမူအရာကို သိသော၊ မကောင်းမှုရှိသော ပညာမဲ့သူ ထိုလူမွဲသည် ကြွေးယူ၍စားသောက်ရသောကြောင့် ပင်ပန်းရ၏။ ထိုကြွေးယူ၍ စားသောက်ရခြင်းကြောင့် နှလုံးမသာယာမှုကြောင့် ဖြစ်ကုန်သော စိတ်ဆင်းရဲကြောင်းအကြံအစည်တို့သည် ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ ထိုသူသို့ အစဉ် လိုက်ကုန်၏။ မိမိ၏ မကောင်းသော အမူအရာကို သိသော၊ မကောင်းမှုရှိသော ထိုပညာမဲ့ သူသည်တိရစ္ဆာန်ဘုံတစ်ခုခုသို့ ရောက်၍ ဖြစ်စေ ငရဲဘုံသို့ ရောက်၍ ဖြစ်စေ အနှောင်အဖွဲ့ခံရ၏။ ဤသို့ နှောင်ဖွဲ့ခြင်းမျိုး ခံရခြင်းသည် ဆင်းရဲ၏၊ စိတ်ကို ကြည်လင်စေလျက် တရားသဖြင့် ရအပ်သောဥစ္စာတို့ဖြင့် ပေးလှူသော ပညာရှိသည် ယင်းသို့သော နှောင်ဖွဲ့မှုမှ လွတ်မြောက်၏။ အိမ်ထောင်ဝတ်ကို ရှာလေ့ရှိ၍ သဒ္ဓါတရားရှိသူအား မျက်မှောက်၌ အစီးအပွါး အလို့ငှါလည်းကောင်း၊ တမလွန်၌ ချမ်းသာခြင်းငှါလည်းကောင်း နှစ်ပါးစုံသော ဘဝ၌ အောင်ဆုကို ယူ၏။ ဤသို့အိမ်ယာထောင်သော လူတို့အား စွန့်ကြဲမှုဟူသော ထိုကောင်းမှုသည် တိုးပွါး၏။ ထို့အတူ သာလျှင် အရိယာတို့၏ အဆုံးအမ၌ ‘သဒ္ဓါ’ တရားရှိသူ၊ ရှက်မှုနှင့် ယှဉ်သော စိတ်ရှိသူ၊ မကောင်းမှုမှ လန့်မှုရှိသူ၊ ပညာရှိသူ၊ သီလဖြင့် ပိတ်ဆို့ ‘စောင့်ရှောက်’မှု ရှိသူကို အရိယာတို့၏့အဆုံးအမ၌ ချမ်းသာစွာ အသက်မွေးခြင်း ရှိသူဟု ဆိုအပ်၏။ အမြဲမပြတ် ထက်သန်သော လုံ့လရှိသော၊ သမာဓိနှင့် ရင့်ကျက်မှု ပညာရှိသော၊ သတိနှင့်ပြည့်စုံသူသည် နီဝရဏငါးပါးတို့ကို ပယ်၍ ဈာန်လေးပါးတို့သို့ ရောက်ပြီးလျှင် အာမိသကင်းသောဈာန်ချမ်းသာကို ရလျက် (စတုတ္ထဈာန်) ဥပေက္ခာကို စွဲမြဲ၍ တည်၏။ ဤသို့ဟုတ်တိုင်းမှန်စွာသိ၍ သံယောဇဉ်ဟူသမျှတို့၏ကုန်ရာ နိဗ္ဗာန်၌ ခပ်သိမ်း သောအခြင်းအရာအားဖြင့် မစွဲလမ်းမူ၍ စိတ်သည် (ကိလေသာမှ) ကောင်းစွာ လွတ်ကင်း၏။ သည်းခံခြင်းဂုဏ်နှင့်ပြည့်စုံသော (ကိလေသာမှ) ကောင်းစွာ လွတ်သော ထိုပုဂ္ဂိုလ် အား ငါ၏ (ကိလေသာမှ) လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ သည် ပျက်စီးခြင်း မရှိ တော့ပြီဟု (ပစ္စဝေက္ခဏာ) ဉာဏ်ဖြစ်ခဲ့မူ ဘဝသံယောဇဉ်တို့၏ကုန်ရာ နိဗ္ဗာန်၌ ဤဉာဏ်သည် လွန်မြတ်၏၊ ဤချမ်းသာသည်စိုးရိမ်ခြင်းမရှိ၊ ကိလေသာမြူ မရှိ၊ ဘေးမရှိ၊ အတုမရှိ မြတ်သော ချမ်းသာ မည်၏၊ ဤဉာဏ်သည်ကိလေသာ ကြွေးမြီမှ ကင်း၍ လွန်မြတ်၏။

တတိယသုတ်။