အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၁၂-ဓမ္မိကသုတ်

၅၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ အသျှင်ဓမ္မိကသည် ဇာတိဘူမိအရပ်ရှိ ကျောင်းတိုက် ခုနစ်တိုက်လုံးတို့၌ ကျောင်းထိုင်ပုဂ္ဂိုလ်ဖြစ်၏၊ ထိုအခါ အသျှင်ဓမ္မိကသည် ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ညှဉ်းဆဲ၏၊ စကားဖြင့် ထိုးဆွ၏၊ ချုပ်ချယ်၏၊ ထိုအာဂန္တုရဟန်းတို့သည်လည်း အသျှင်ဓမ္မိကဆဲရေးခြိမ်းခြောက် ညှဉ်းဆဲ စကားဖြင့်ထိုးဆွ ချုပ်ချယ်အပ်ကုန်သည်ဖြစ်၍ အရပ်တစ်ပါးသို့ဖဲသွားကြကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြရကုန်၏။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်၏—

“ငါတို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာအထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် လုပ်ကျွေးကြကုန်၏၊ သို့ဖြစ်ပါလျက် အာဂန္တုကရဟန်းတို့သည် အရပ်တစ်ပါးသို့ဖဲသွားကြကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြကုန်၏၊ အာဂန္တုကရဟန်းတို့ အရပ်တစ်ပါးသို့ဖဲသွား၍ မတည်တံ့နိုင်ဘဲ ကျောင်းကို စွန့်ကြခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (အကြံဖြစ်၏)။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်ပြန်၏။

“အသျှင်ဓမ္မိကသည် အာဂန္တုကရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းချောက်၏၊ ညှဉ်းဆဲ၏၊ စကားဖြင့်ထိုးဆွ၏၊ ချုပ်ချယ်၏၊ ထိုအာဂန္တုကရဟန်းတို့သည်လည်း ဤအသျှင်ဓမ္မိက ဆဲရေး ခြိမ်းခြောက်ညှဉ်းဆဲ စကားဖြင့် ထိုးဆွ ချုပ်ချယ်အပ်ကုန်သည် ဖြစ်၍ အရပ်တစ်ပါးသို့ ဖဲသွားကြရကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြရကုန်၏၊ အကယ်၍ ငါတို့သည် အသျှင်ဓမ္မိကကို နှင်ထုတ်ရပါမူကောင်းလေရာ၏”ဟု (အကြံဖြစ်ပြန်၏)။

ထို့နောက် ဇာတိဘူမိနေ ဥပါသကာတို့သည် အသျှင်ဓမ္မိကထံသို့ ချဉ်းကပ်ကုန်၍ အသျှင်ဓမ္မိကအား”အသျှင်ဘုရား အသျှင်ဓမ္မိကသည် ဤကျောင်းတိုက်မှ ဖဲသွားတော်မူပါလော့၊ အသျှင့်အား ဤကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိပါ”ဟု လျှောက်ကုန်၏။

ထို့နောက် အသျှင်ဓမ္မိကသည် ထိုကျောင်းမှ အခြားကျောင်းသို့ ကြွသွား၏။

ထိုရောက်သော ကျောင်း၌လည်း အသျှင်ဓမ္မိကသည် အာဂန္တုကရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ညှဉ်းဆဲ၏၊ စကားဖြင့် ထိုးဆွ၏၊ ချုပ်ချယ်၏၊ ထိုအာဂန္တုကရဟန်းတို့သည်လည်း အသျှင်ဓမ္မိကဆဲရေးခြိမ်းခြောက် ညှဉ်းဆဲစကားဖြင့် ထိုးဆွ ချုပ်ချယ်အပ်ကုန်သည်ဖြစ်၍ အရပ်တစ်ပါး သို့ဖဲသွားကြကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြရကုန်၏။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်ပြန်၏။

“ငါတို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် လုပ်ကျွေးကြကုန်၏၊ သို့ဖြစ်ပါလျက် အာဂန္တုကရဟန်းတို့သည် အရပ်တစ်ပါးသို့ဖဲသွားကြကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြကုန်၏၊ အာဂန္တုကရဟန်းတို့ အရပ်တစ်ပါးသို့ဖဲသွား၍ မတည်တံ့နိုင်ဘဲ ကျောင်းကို စွန့်ကြခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (အကြံဖြစ်ပြန်၏)။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်ပြန်၏။

“ဤအသျှင်ဓမ္မိကသည် အာဂန္တုကရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ညှဉ်းဆဲ၏၊ စကားဖြင့်ထိုးဆွ၏၊ ချုပ်ချယ်၏၊ ထိုအာဂန္တုကရဟန်းတို့သည်လည်း အသျှင်ဓမ္မိက ဆဲရေးခြိမ်းခြောက် ညှဉ်းဆဲစကားဖြင့် ထိုးဆွ ချုပ်ချယ်အပ်ကုန်သည်ဖြစ်၍ အရပ်တစ်ပါးသို့ ဖဲသွားကြရကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြရကုန်၏၊ အကယ်၍ ငါတို့သည် အသျှင်ဓမ္မိကကို နှင်ထုတ်ရပါမူ ကောင်းလေရာ၏”ဟု (အကြံဖြစ်ပြန်၏)။

ထို့နောက် ဇာတိဘူမိနေ ဥပါသကာတို့သည် အသျှင်ဓမ္မိကထံသို့ ချဉ်းကပ်ကြကုန်၍ အသျှင် ဓမ္မိကအား”အသျှင်ဘုရား အသျှင်ဓမ္မိကသည် ဤကျောင်းတိုက်မှလည်း ဖဲသွားတော်မူပါလော့၊ အသျှင့် အားဤကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိပါ”ဟု လျှောက်ကုန်၏။

ထိုအခါ အသျှင်ဓမ္မိကသည် ထိုကျောင်းမှလည်း အခြားကျောင်းသို့ ဖဲသွားပြန်၏။

ထိုရောက်သော ကျောင်း၌လည်း အသျှင်ဓမ္မိကသည် အာဂန္တုကရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ညှဉ်းဆဲ၏၊ စကားဖြင့် ထိုးဆွ၏၊ ချုပ်ချယ်၏၊ ထိုအာဂန္တုကရဟန်းတို့သည်လည်း အသျှင်ဓမ္မိကဆဲရေးခြိမ်းခြောက် ညှဉ်းဆဲစကားဖြင့် ထိုးဆွ ချုပ်ချယ်အပ်ကုန်သည်ဖြစ်၍ အရပ်တစ်ပါး သို့ဖဲသွားကြရကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြရကုန်၏။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်ပြန်၏။

“ငါတို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာအထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် လုပ်ကျွေးကြကုန်၏၊ သို့ဖြစ်ပါလျက် အာဂန္တုကရဟန်းတို့သည် အရပ်တစ်ပါးသို့ဖဲသွားကြကုန်၏၊ မတည်တံ့နိုင်ကုန်၊ ကျောင်းကို စွန့်ကြကုန်၏၊ အာဂန္တုကရဟန်းတို့ အရပ်တစ်ပါးသို့ဖဲသွား၍ မတည်တံ့နိုင်ဘဲ ကျောင်းကို စွန့်ကြခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (အကြံဖြစ်ပြန်၏)။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့အား ဤအကြံသည် ဖြစ်ပြန်၏။ “ဤအသျှင်ဓမ္မိကသည်အာဂန္တုကရဟန်းတို့ကို ဆဲရေး၏။ပ။

ငါတို့သည် အသျှင်ဓမ္မိကကို ဇာတိဘူမိရှိ ကျောင်းခုနစ်ကျောင်းလုံးမှ နှင်ထုတ်ရပါမူ ကောင်းလေရာ၏”ဟု (အကြံဖြစ်ပြန်၏)။

ထိုအခါ ဇာတိဘူမိနေ ဥပါသကာတို့သည် အသျှင်ဓမ္မိကထံသို့ ချဉ်းကပ်ကြကုန်၍ အသျှင်ဓမ္မိကကို”အသျှင်ဘုရား အသျှင်ဓမ္မိကသည် ဇာတိဘူမိရှိ ကျောင်းခုနစ်ကျောင်းလုံးမှ ဖဲသွားတော်မူပါ”ဟုလျှောက်ကြကုန်၏။

ထိုအခါ အသျှင်ဓမ္မိကအား ဤအကြံသည် ဖြစ်၏။

“ဇာတိဘူမိနေ ဥပါသကာတို့သည် ဇာတိဘူမိရှိ ကျောင်းခုနစ်ကျောင်းလုံးတို့မှ (ငါ့ကို) နှင်ထုတ်၏၊ ယခုအခါ အဘယ်အရပ်သို့ ငါသွားရပါမည်နည်း”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်ဓမ္မိကအား “မြတ်စွာဘုရားထံသို့ ငါသွားရပါမူ ကောင်းလေရာ၏”ဟု အကြံဖြစ်ပြန်၏။

ထိုအခါ အသျှင်ဓမ္မိကသည် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ သွား၏၊ အစဉ်အတိုင်း (လာခဲ့ရာ) ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်ဓမ္မိကအားမြတ်စွာဘုရားသည်—

ပုဏ္ဏားမျိုးဓမ္မိက ယခုအခါ အဘယ်အရပ်မှ သင်လာခဲ့သနည်းဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်ကို ဇာတိဘူမိနေ ဥပါသကာတို့က ဇာတိဘူမိရှိ ကျောင်းခုနစ်ကျောင်းလုံး တို့မှနှင်ထုတ်ကြပါသည်ဟု (လျှောက်၏)။

ပုဏ္ဏားမျိုးဓမ္မိက သင့်လျော်ပေ၏၊ သင်သည် ဇာတိဘူမိ၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင့်ကိုထိုထိုကျောင်းမှ နှင်ထုတ်ကြကုန်၏၊ သင်သည် ထိုထိုကျောင်းမှ နှင်ထုတ်ခံရသည် ဖြစ်၍ ငါ့ထံသို့သာလျှင် လာရ၏။

ပုဏ္ဏားမျိုးဓမ္မိက ရှေး၌ ဖြစ်ဖူးသည်ကား သမုဒ္ဒရာ၌ သွားလာကုန်သောကုန်သည်တို့သည်ကမ်းကြည့်ငှက်ကို ဖမ်းဆီး၍ လှေဖြင့် သမုဒ္ဒရာသို့ သွားကုန်၏၊ လှေသည် ကမ်းကို မမြင်လတ်သော်ထိုကုန်သည်တို့သည် ကမ်းကြည့်ငှက်ကို လွှတ်လိုက်ကြကုန်၏၊ ထိုငှက်သည် အရှေ့အရပ်သို့ ပျံသွား၏၊ အနောက်အရပ်သို့ ပျံသွား၏၊ မြောက်အရပ်သို့ ပျံသွား၏၊ တောင်အရပ်သို့ ပျံသွား၏၊ အထက်အရပ်သို့ပျံသွား၏၊ ထောင့်အရပ်သို့ ပျံသွား၏၊ ထိုငှက်သည် ထက်ဝန်းကျင်မှ ကမ်းကို အကယ်၍ မြင်ပါမူထိုမြင်ရာသို့ ပျံသွား၏၊ ထိုငှက်သည် အကယ်၍ ထက်ဝန်းကျင်မှ ကမ်းသို့ မမြင်ပါမူ ထိုလှေသို့သာလျှင်တစ်ဖန်ပြန်လာ၏။

ပုဏ္ဏားမျိုးဓမ္မိက ထိုအတူသာလျှင် သင့်ကို ထိုထိုကျောင်းမှ နှင်ထုတ်ကုန်၏၊ သင်သည် ထိုထို ကျောင်းမှနှင်ထုတ်ခံရသည်ဖြစ်၍ ငါ့ထံသို့သာလျှင် လာဘိ၏။

ပုဏ္ဏားမျိုးဓမ္မိက ရှေး၌ ဖြစ်ဖူးသည်ကား ကောရဗျမင်း၏ သုပ္ပတိဋ္ဌမည်သော ပညောင်ပင်မင်းသည်အကိုင်းငါးခုရှိ၏၊ အေးမြသော အရိပ်ရှိ၏၊ စိတ်နှလုံး မွေ့လျော်ဖွယ် ရှိ၏၊ ပုဏ္ဏားမျိုးဓမ္မိက သုပ္ပတိဋ္ဌပညောင်ပင်မင်း၏ အကျယ်အပြန့်သည် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဖြစ်၏၊ အမြစ်တို့၏ (အကျယ်အပြန့်သည်) ငါးယူဇနာတိုင်အောင် ဖြစ်၏၊ ပုဏ္ဏားမျိုးဓမ္မိက သုပ္ပတိဋ္ဌပညောင်ပင်မင်း၏ အသီးတို့သည် တစ်ကွမ်းစား ‘တစ်ပြည်’ ချက် ထမင်းအိုးပမာဏမျှလောက် ကြီးမားကြကုန်၏၊ ပျားကောင်ပျားဥမရှိသော ပျားရည်ပမာ အရသာရှိသော အသီးရှိကုန်၏၊ ပုဏ္ဏားမျိုးဓမ္မိက သုပ္ပတိဋ္ဌပညောင်ပင်မင်း၏အကိုင်းတစ်ခုကို မောင်းမခြွေရံနှင့်အတူ မင်းသည် သုံးဆောင်၏၊ အကိုင်းတစ်ခုကို စစ်သည်ဗိုလ်ပါအပေါင်းသည် သုံးဆောင်၏၊ အကိုင်းတစ်ခုကို နိဂုံးဇနပုဒ်သားတို့ သုံးဆောင်ကုန်၏၊ အကိုင်းတစ်ခုကိုသမဏဗြာဟ္မဏတို့ သုံးဆောင်ကုန်၏၊ အကိုင်းတစ်ခုကို သားသမင်တို့သည် သုံးဆောင်ကုန်၏၊ ပုဏ္ဏားမျိုးဓမ္မိက သုပ္ပတိဋ္ဌပညောင်ပင်မင်း၏ အသီးတို့ကို တစ်စုံတစ်ယောက်မျှ မစောင့်ရှောက်၊ တစ်ဦး၏အသီးတို့ကို တစ်ဦးက မညှဉ်းဆဲ (မနှောင့်ယှက်)ကုန်၊ ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ ယောကျာ်းတစ်ယောက်သည် သုပ္ပတိဋ္ဌပညောင်ပင်မင်း၏ အသီးတို့ကို အလိုရှိတိုင်း စားပြီးလျှင် အခက်ကို ချိုးဖဲ့၍ဖဲသွားလေ၏၊ ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ သုပ္ပတိဋ္ဌပညောင်ပင်စောင့်နတ်အား ဤအကြံသည် ဖြစ်၏။

“အချင်းတို့ အံ့သြဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အလွန်ယုတ်မာသောလူပေတကား၊ သုပ္ပတိဋ္ဌပညောင်ပင်မင်း၏ အသီးတို့ကို အလိုရှိတိုင်း စားပြီးလျှင် အခက်ကို ချိုးဖဲ့၍့ဖဲသွားဘိ၏၊ သုပ္ပတိဋ္ဌပညောင်ပင်မင်းသည် နောင်အခါ၌ အသီးကို မပေးပါမူ ကောင်းလေရာ၏”ဟု (အကြံဖြစ်၏)။

ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ သုပ္ပတိဋ္ဌပညောင်ပင်မင်းသည် နောင်အခါ၌ အသီးကို မပေးတော့ပြီ၊ ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ ကောရဗျမင်းသည် သိကြားမင်းထံသို့ ချဉ်းကပ်၍ သိကြားမင်းအား ဤစကားကို ဆို၏။

“အချင်း သိရှိတော်မူပါ၊ သုပ္ပတိဋ္ဌပညောင်ပင်မင်းသည် အသီးကို မပေးတော့ပါ”ဟု (ဆို၏)။

ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ သိကြားမင်းသည် လေကြီးမိုးကြီးလာ၍ သုပ္ပတိဋ္ဌပညောင်ပင်မင်းကိုလဲကျစေလျက် အမြစ်ထောင်နေသော အခြင်းအရာအားဖြင့် တန်ခိုးဖန်ဆင်းမှုကို ပြု၏။

ပုဏ္ဏားမျိုးဓမ္မိက သုပ္ပတိဋ္ဌပညောင်ပင်စောင့်နတ်သည် ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍မျက်ရည်ရွှဲစို ငိုယိုလျက် တစ်ခုသော အရပ်၌ ရပ်နေ၏။

ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ သိကြားမင်းသည် သုပ္ပတိဋ္ဌပညောင်ပင်စောင့်နတ်ထံသို့ ချဉ်းကပ်၍သုပ္ပတိဋ္ဌပညောင်ပင်စောင့်နတ်အား ဤစကားကို ပြောဆို၏။

“နတ်သား သင်သည် အဘယ့်ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ရွှဲစို ငိုယိုလျက် တစ်ခုသော အရပ်၌ ရပ်နေဘိသနည်း”ဟု (ဆို၏)။

အရှင် လေကြီးမိုးကြီးလာ၍ အကျွန်ုပ်၏ ဗိမာန်ကို လဲကျစေပါ၏၊ အမြစ်ထောင်နေသည်ကို ပြုပါ၏၊ ထို့ကြောင့် ငိုပါ၏ဟု (ဆို၏)။

နတ်သား စင်စစ် သစ်ပင်တရား ‘ရုက္ခဓမ္မ’၌ တည်သော သင်၏ ဗိမာန်ကို လေကြီးမိုးကြီးသည် လာ၍လဲကျစေသလော၊ အမြစ်ထောင်နေအောင် ပြုသလောဟု (မေး၏)။

အရှင် အဘယ်သို့လျှင် သစ်ပင်သည် သစ်ပင်တရား ‘ရုက္ခဓမ္မ’၌ တည်ပါသနည်းဟု (မေး၏)။

နတ်သား ဤလောက၌ သစ်ပင်၏ အမြစ်ကို အလိုရှိသူတို့သည် အမြစ်ကို ဆောင်ကုန်၏၊ အခေါက်ကိုအလိုရှိသူတို့သည် အခေါက်ကို ဆောင်ကုန်၏၊ အရွက်ကို အလိုရှိသူတို့သည် အရွက်ကို ဆောင်ကုန်၏၊ အပွင့်ကို အလိုရှိသူတို့သည် အပွင့်ကို ဆောင်ကုန်၏၊ အသီးကို အလိုရှိသူတို့သည် အသီးကိုဆောင်ကုန်၏၊ ထိုသို့ ဆောင်ခြင်းကြောင့် နတ်သည် နှလုံးမသာခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း မပြုထိုက်၊ နတ်သား ဤသို့လျှင် သစ်ပင်သည် သစ်ပင်တရား’ရုက္ခဓမ္မ’၌ တည်၏ဟု (ဆို၏)။

အရှင် သစ်ပင်တရား ‘ရုက္ခဓမ္မ’၌ မတည်သော အကျွန်ုပ်၏ ဗိမာန်ကို လေကြီးမိုးကြီးသည် လာ၍လဲကျစေပါ၏၊ အမြစ်ထောင်နေသည်ကို ပြုပါ၏ဟု (ဆို၏)။

နတ်သား သင်သည် အကယ်၍ သစ်ပင်တရား ‘ရုက္ခဓမ္မ’၌ တည်သည်ဖြစ်ငြားအံ့၊ သင်၏ ဗိမာန်သည်ရှေးအတိုင်း ဖြစ်ရာ၏ဟု (ဆို၏)။

အရှင် အကျွန်ုပ်သည် သစ်ပင်တရား ‘ရုက္ခဓမ္မ’၌ တည်ပါအံ့၊ အကျွန်ုပ်၏ ဗိမာန်သည် ရှေးအတိုင်းဖြစ်ပါစေဟု (ဆို၏)။

ပုဏ္ဏားမျိုးဓမ္မိက ထိုအခါ၌ သိကြားမင်းသည် လေကြီးမိုးကြီးလာ၍ သုပ္ပတိဋ္ဌပညောင်ပင်မင်းကိုစိုက်ထောင်စေသည့် အခြင်းအရာအားဖြင့် တန်ခိုးဖန်ဆင်းမှုကို ပြု၏၊ အမြစ်တို့သည် ရှေးအတိုင်းဖြစ်ကုန်၏။

ပုဏ္ဏားမျိုးဓမ္မိက ထို့အတူသာလျှင် ရဟန်းတရား၌ တည်သော သင့်ကို ဇာတိဘူမိနေ ဥပါသကာတို့သည် ဇာတိဘူမိရှိ ကျောင်းခုနစ်ကျောင်းလုံးတို့မှ နှင်ထုတ်ကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်သို့လျှင် ရဟန်းသည် ရဟန်းတရား၌ တည်ပါသနည်းဟု (လျှောက်၏)။

ပုဏ္ဏားမျိုးဓမ္မိက ဤသာသနာတော်၌ ရဟန်းသည် ဆဲရေးသူကို ပြန်၍ မဆဲရေး၊ ခြုတ်ချယ်သူကို့ပြန်၍ မခြုတ်ချယ်၊ ငြင်းခုံသူကို ပြန်၍ မငြင်းခုံ၊ ပုဏ္ဏားမျိုးဓမ္မိက ဤသို့လျှင် ရဟန်းသည် ရဟန်းတရား၌ တည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းတရား၌ မတည်သည်သာလျှင်ဖြစ်သော အကျွန်ုပ်ကို ဇာတိဘူမိနေ ဥပါသကာတို့သည် ဇာတိဘူမိရှိ ခုနစ်ကျောင်းလုံးတို့မှ နှင်ထုတ်ကြပါကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏားမျိုးဓမ္မိက ရှေးက ဖြစ်ဖူးသည်ကား အယူဝါဒတီထွင်သော ကာမဂုဏ်တို့၌ (ဝိက္ခမ္ဘနပဟာန်ဖြင့်) စွဲမက်မှုကင်းသော သုနေတ္တမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ၊ ပုဏ္ဏားမျိုးဓမ္မိက သုနေတ္တ မည်သောဆရာအား တပည့်ရာပေါင်းများစွာတို့သည် ရှိကုန်၏၊ သုနေတ္တဆရာကြီးသည် တပည့်တို့အားဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟော၏၊ ပုဏ္ဏားမျိုးဓမ္မိက သုနေတ္တဆရာကြီးသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန်တရားဟောသည်ရှိသော် မကြည်ညိုစိတ်ရှိသည့် တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ဖြစ်ကုန်၏။

သုနေတ္တဆရာကြီးသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် ကြည်ညိုစိတ်ရှိသည့်တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏။

ပုဏ္ဏားမျိုးဓမ္မိက ရှေးက ဖြစ်ဖူးသည်ကား—

မူဂပက္ခမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏။ပ။

အရနေမိမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏။ပ။

ကုဒ္ဒါလကမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏။ပ။

ဟတ္ထိပါလမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏။ပ။

အယူဝါဒတီထွင်သော ကာမဂုဏ်တို့၌ စွဲမက်မှုကင်းသော ဇောတိပါလမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ၊ ပုဏ္ဏားမျိုးဓမ္မိက ဇောတိပါလဆရာအား တပည့်ရာပေါင်းများစွာတို့သည် ရှိကုန်၏၊ ဇောတိပါလဆရာသည် တပည့်တို့အား ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟော၏။

ပုဏ္ဏားမျိုးဓမ္မိက ဇောတိပါလဆရာသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် မကြည်ညိုစိတ်ရှိသည့် တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ဖြစ်ကြကုန်၏။

ဇောတိပါလဆရာသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် ကြည်ညိုစိတ်ရှိသည့်တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကြကုန်၏။

ပုဏ္ဏားမျိုးဓမ္မိက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။

အယူဝါဒတီထွင်ကုန်သော ကာမဂုဏ်တို့၌ စွဲမက်မှုကင်းပြီးကုန်သော ရာပေါင်းများစွာ အခြံအရံရှိကုန်သော တပည့်အပေါင်းနှင့်တကွ ဖြစ်ကုန်သော ဤဆရာခြောက်ဦးတို့ကို ပြစ်မှားလိုစိတ်ရှိသည်ဖြစ်၍ဆဲရေးခြိမ်းခြောက်သူသည် များစွာသော မကောင်းမှုကို ပွါးစေရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရားဟုတ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏားမျိုးဓမ္မိက အယူဝါဒတီထွင်ကုန်သော ကာမဂုဏ်တို့၌ စွဲမက်မှုကင်းကုန်သော ရာပေါင်းများစွာအခြံအရံရှိကုန်သော တပည့်အပေါင်းနှင့်တကွဖြစ်ကုန်သော ဤဆရာခြောက်ဦးတို့ကို ပြစ်မှားလိုစိတ်ရှိသည်ဖြစ်၍ ဆဲရေး ခြိမ်းခြောက်သူသည် များစွာ မကောင်းမှုကို ပွါးစေရာ၏။

ဉာဏ်နှင့် ပြည့်စုံသည့် (သောတာပန်) ပုဂ္ဂိုလ်တစ်ယောက်ကို ပြစ်မှားလိုစိတ်ရှိသည်ဖြစ်၍ ဆဲရေးခြိမ်းခြောက်သည့် ပုဂ္ဂိုလ်သည် ထိုရှေးပုဂ္ဂိုလ်တို့ထက် မကောင်းမှုကို သာ၍ များစွာ ပွါးများစေ၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။

ပုဏ္ဏားမျိုးဓမ္မိက သီတင်းသုံးဖော်တို့၌ ဤဆဲရေးခြိမ်းခြောက်မှုမျိုးကို မိမိကိုယ်ကို တူးဖြို၏ဟုဟောသကဲ့သို့ ဤသာသနာတော်အပ၌ ဤသို့သဘောရှိသော ဆဲရေးခြိမ်းခြောက်မှုမျိုးကို မိမိကိုယ်ကိုတူးဖြို၏ဟု ငါမဆို။

ပုဏ္ဏားမျိုးဓမ္မိက ထို့ကြောင့် ဤသို့ ကျင့်ရမည်—

“မိမိနှင့်တူသော သီတင်းသုံးဖော်တို့၌ ငါတို့၏ စိတ်တို့သည် ပြစ်မှားကြလိမ့်မည်မဟုတ်ကုန်”ဟု (ကျင့်ရမည်)၊ ပုဏ္ဏားမျိုးဓမ္မိက ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

သုနေတ္တသည်လည်းကောင်း၊ မူဂပက္ခသည်လည်းကောင်း၊ အရနေမိပုဏ္ဏားသည်လည်းကောင်း၊ ကုဒ္ဒါလကသည်လည်းကောင်း၊ ဟတ္ထိပါလလုလင်သည်လည်းကောင်း ဆရာ ဖြစ်ဖူးပြီ။ မင်းခုနစ်ပါးတို့၏ ပုရောဟိတ်ဖြစ်သော ဂေါဝိန္ဒမည်သော ဇောတိပါလသည်လည်း ဆရာဖြစ်ဖူးပြီ၊ အခြံအရံများပြားကုန်သော ဆရာခြောက်ယောက်တို့သည် အတိတ် အဖို့၌ (သူတစ်ပါးကို) မညှဉ်းဆဲတတ်ကုန်။ အစိမ်းနံ့ ‘ဒေါသ’ မရှိကုန်သော ကရုဏာအရာ၌ နှလုံးသွင်းမှုရှိကုန်သော ကာမရာဂသံယောဇဉ်ကိုလွန်ကုန်သော ထိုဆရာတို့သည် ကာမဂုဏ်၌ စွဲမက်မှု ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်ပြီ။ ထိုဆရာခြောက်ယောက်တို့၏ ရာပေါင်းစွာသော တပည့်တို့သည်လည်း အစိမ်းနံ့ ‘ဒေါသ’ မရှိကုန်၊ ကရုဏာအရာ၌ နှလုံးသွင်းကုန်၏၊ ကာမရာဂသံယောဇဉ် နှောင်ကြိုးကို လွန်မြောက်ကုန်၏၊ ကာမဂုဏ်၌ စွဲမက်မှု ‘ကာမရာဂ’ကို ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်ပြီ။ အကြင်သူသည် (ဝိက္ခ မ္ဘနပဟာန်ဖြင့်) စွဲမက်မှု ကင်းပြီးကုန်သော ကောင်းစွာ တည်ကြည်သောစိတ်ရှိကုန်သော သာသနာတော်မှ အပဖြစ်ကုန်သော ရသေ့တို့ကို ပြစ်မှားလိုသော စိတ်အကြံရှိသည်ဖြစ်၍ခြိမ်းခြောက်၏၊ ထိုသို့သဘောရှိသော ထိုလူသည် မကောင်းမှုကို များစွာ ပွါးများစေ၏။ အကြင်သူသည်ကား မြတ်စွာဘုရား၏ တပည့်ဖြစ်သော (သောတာပတ္တိ) မဂ်ဉာဏ် နှင့်ပြည့်စုံသောရဟန်းတစ်ပါးကို ပြစ်မှားလိုသော စိတ်အကြံရှိသည်ဖြစ်၍ ခြိမ်းခြောက်၏၊ ဤသူသည်ထိုဆရာခြောက်ယောက်ကို ခြိမ်းခြောက်သူထက် အထူး အားဖြင့် များစွာ မကောင်းမှုကို ပွါးများစေ၏။ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိအကြောင်းကို ပယ်ခြင်းရှိသော ကောင်းသော သဘောရှိသူ (သောတာပန်ပုဂ္ဂိုလ်) ကို မထိပါးစေရာ၊ ကာမဂုဏ်တို့၌ စွဲမက်မှု မကင်းသော ဤ (သောတာပန်) ပုဂ္ဂိုလ်ကိုအရိယာသံဃာ၏ ခုနစ်ယောက်မြောက် ပုဂ္ဂိုလ်၁ဟု ဆိုအပ်၏၊ အကြင်သောတာပန်ပုဂ္ဂိုလ်အားဣန္ဒြေငါးပါးတို့သည် နုကုန်၏၊ သဒ္ဓါသည်လည်းကောင်း၊ သတိသည်လည်းကောင်း၊ ဝီရိယသည်လည်းကောင်း၊ သမထသည်လည်းကောင်း၊ ဝိပဿနာသည်လည်းကောင်း နု၏။ ထိုသို့သဘောရှိသော ရဟန်းကို ထိပါးမိသောကြောင့် (သူတစ်ပါးကို မညှဉ်းဆဲမီ) ရှေးအဖို့ကပင်လျှင်မိမိကိုယ်ကို ညှဉ်းဆဲသည် မည်၏၊ မိမိကိုယ်ကို ညှဉ်းဆဲပြီး၍ နောက်မှ သူတစ်ပါးကို ညှဉ်းဆဲသည်မည်၏။ အကြင်သူသည် မိမိကိုယ်ကိုစောင့်ရှောက်၏၊ ထိုသူသည် အပဖြစ်သော ရန်သူကိုစောင့်ရှောက်အပ်သည်မည်၏၊ ထို့ကြောင့် ပညာရှိသည် အခါခပ်သိမ်း (မိမိဂုဏ်ကို) မတူးဖြိုမူ၍ မိမိကိုယ်ကိုစောင့်ရှောက်ရာသတည်း။

ဒွါဒသမသုတ်။

ငါးခုမြောက် ဓမ္မိကဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။

၁။ အရဟတ္တဖိုလ်မှစ၍ ရေတွက်သဖြင့် ခုနစ်ယောက်မြောက်ပုဂ္ဂိုလ်ဟု ဆိုလိုသည် (အဋ္ဌကထာ)။