အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၂-ဖဂ္ဂုနသုတ်

၅၆။ ထိုအခါ အသျှင်ဖဂ္ဂုနသည် အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာ ဖြစ်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား —

“အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားတော်မူသည်ကို အကြောင်းပြု၍ အသျှင်ဖဂ္ဂုနအထံသို့ ကြွတော်မူစေချင်ပါသည်”ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက်အသျှင်ဖဂ္ဂုနအထံသို့ ချဉ်းကပ်တော်မူ၏၊ အသျှင်ဖဂ္ဂုနသည် ကြွလာတော်မူသော မြတ်စွာဘုရားကိုအဝေးမှ မြင်၍ ညောင်စောင်းမှ ထအံ့သော အမူအရာကို ပြု၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဖဂ္ဂုနအား —

“ဖဂ္ဂုန မသင့်၊ သင်သည် ညောင်စောင်းမှ မရွှေ့မပြောင်းနှင့်၊ သူတစ်ပါးပြင်ပြီးနေရာတို့ ရှိရာထိုနေရာ၌ ထိုင်တော်မူမည်”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် အသျှင်ဖဂ္ဂုနအား —

ဖဂ္ဂုန အသို့နည်း သင့်အား ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့ ဆုတ်ယုတ်ကုန်၏လော၊ မတိုးဘဲ ရှိ၏လော၊ ဆုတ်ယုတ်သော အခြေအနေသည် ထင်၏လော၊ တိုးတက်သော အခြေအနေသည် မထင်ဘဲရှိ၏လောဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းပြသော ဆင်းရဲ ဝေဒနာတို့တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ် သောအခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ခွန်အားရှိသော ယောကျာ်းသည် ထက်လှစွာသော စူးဖြင့် ထိပ်၌ နှက်ဘိသကဲ့သို့ဤအတူသာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဦးထိပ်၌ နှိပ်စက်ပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ခွန်အားရှိသော ယောကျာ်းသည် မြဲမြံလှစွာသော ကြိုးလွန်းပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်သကဲ့သို့ ထို့အတူ သာလျှင် အကျွန်ုပ်အား ဦးခေါင်း၌ ခေါင်းကိုက်ဝေဒနာတို့ ဖြစ်ပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည်မထင်ပါ။

အသျှင်ဘုရား ကျွမ်းကျင်သော နွားသတ် ယောကျာ်းသည်လည်းကောင်း၊ နွားသတ် ယောကျာ်း၏တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို မွှမ်းဘိသကဲ့သို့ ဤအတူသာလျှင်ပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးကျင့်ပါကုန်၏။

အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဆင်းရဲ့ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ် သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား အားကြီးသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းလှသော ယောကျာ်းကိုအသီးသီးသော လက်မောင်းတို့၌ ဆွဲကိုင်၍ မီးကျီး၌ ကင်ကြကုန်သကဲ့သို့ ဤအတူသာလျှင် ကိုယ်၌ အလွန်ပူပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သောဆင်းရဲဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဖဂ္ဂုနအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင်နေရာမှထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထို့နောက် အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ကွယ်လွန်လေ၏၊ ထိုဖဂ္ဂုနမထေရ်၏ ထိုသေခါနီးကာလ၌ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍မကြာမြင့်မီပင် ကွယ်လွန်ပါသည်၊ ထိုဖဂ္ဂုန၏ ထိုသေခါနီးအခါ၌ ဣန္ဒြေတို့သည် အထူးသဖြင့်ကြည်လင်ပါကုန်၏”ဟု (လျှောက်၏)။

အာနန္ဒာ ဖဂ္ဂုနရဟန်း၏ ဣန္ဒြေတို့သည် အဘယ့်ကြောင့် အထူးသဖြင့် မကြည်လင်ဘဲ ရှိကုန်လိမ့်မည်နည်း၊ အာနန္ဒာ ဖဂ္ဂုနရဟန်း၏ စိတ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ မလွတ်သေးသည်သာ ဖြစ်၏၊ ထိုဖဂ္ဂုနရဟန်း၏ စိတ်သည် ထိုတရားဒေသနာကို ကြားနာရ၍ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့မှ လွတ်၏။

အာနန္ဒာ သင့်လျော် လျောက်ပတ်သောအခါ တရားကို နာခြင်းနှင့် သင့်လျော် လျောက်ပတ်သောအခါအကျိုးအကြောင်းကို ဆင်ခြင်ခြင်း၌ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရ၏၊ ထိုရဟန်းအားမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည်အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏။ အာနန္ဒာ ဤသည်ကား သင့်လျော်လျောက်ပတ်သော အခါ တရားနာရခြင်း၌ ပဌမအကျိုးတည်း။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကားမြတ်စွာဘုရား၏ တပည့်သာဝကကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအားအစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကိုပြ၏၊ ထိုတရားဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှလွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရားနာရခြင်း၌ ဒုတိယအကျိုးတည်း။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကိုလည်း ဖူးမြော်ခွင့်မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်း ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်းတရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို အဖန်ဖန် စိတ်ဖြင့် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ အကြောင်းအကျိုးကိုဆင်ခြင်ခြင်း၌ တတိယအကျိုးတည်း။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် (အရဟတ္တဖိုလ်) ဖြင့် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရ၏၊ မြတ်စွာဘုရားသည်ထိုရဟန်းအား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည်အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်) ဖြင့် လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကားသင့်လျော် လျောက်ပတ်သောအခါ တရားကို နာရခြင်း၌ စတုတ္ထအကျိုးတည်း။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည်ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား မြတ်စွာဘုရား တပည့်သာဝကကိုဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားဒေသနာကိုကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်) ဖြင့် လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရားနာရခြင်း၌ ပဉ္စမအကျိုးတည်း။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည်ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကိုလည်း ဖူးမြော်ခွင့် မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်းဖူးမြော်ခွင့် မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန်ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့်အတိုင်းတရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန်ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်) ဖြင့်လွတ်မြောက်၏။ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ၌ အကြောင်း အကျိုး ကိုဆင်ခြင်ခြင်း၌ ဆဋ္ဌအကျိုးတည်း။

အာနန္ဒာ သင့်လျော်လျောက်ပတ်သော အခါ တရားနာခြင်းနှင့် သင့်လျော်လျောက်ပတ်သော အခါအကြောင်း အကျိုးကို ဆင်ခြင်ခြင်း၌ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။