အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၃-ဆဠဘိဇာတိသုတ်

၅၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

အသျှင်ဘုရား ပူရဏကဿပသည် အမျိုးဇာတ်ခြောက်မျိုးတို့ကို ပညတ်ပါ၏။

မည်းညစ်သော အမျိုးဇာတ်ကို ပညတ်၏၊ ညိုသော အမျိုးဇာတ်ကို ပညတ်၏၊ နီသော အမျိုးဇာတ်ကို ပညတ်၏၊ ဝါသော အမျိုးဇာတ်ကို ပညတ်၏၊ ဖြူသော အမျိုးဇာတ်ကို ပညတ်၏၊ အလွန်ဖြူသော အမျိုးဇာတ်ကို ပညတ်၏။

အသျှင်ဘုရား ပူရဏကဿပသည် ဆိတ်သတ်သမား ဝက်သတ်သမား ငှက်သတ်သမား သားသတ်သမား မုဆိုး တံငါ ခိုးသူ ခိုးသူသတ်ယောကျာ်း ထောင်မှူးတို့နှင့် အခြားကြမ်းကြုတ်သော အမှုဖြင့်အသက်မွေးသူဟူသမျှတို့ကို မည်းညစ်သော အမျိုးဇာတ်ဟု ပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် (ပစ္စည်းလေးပါး၌ ) ဆူးငြောင့်သဖွယ် ဖြစ်သော ဆန္ဒရာဂဖြင့်အသက်မွေးခြင်းရှိသည့် ရဟန်းတို့နှင့် အခြား ကမ္မဝါဒီ ကြိယဝါဒီဟူသမျှတို့ကို ညိုသော အမျိုးဇာတ်ဟုပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် အဝတ်တစ်ခုတည်းကို ဝတ်သော နိဂဏ္ဌတက္ကတွန်းကို နီသောအမျိုးဇာတ်ဟု ပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် အဝတ်မဝတ်သူ ‘တက္ကတွန်း’ တို့၏တပည့် အဝတ်ဖြူဝတ်သည့်သူတို့ကို ဝါသော အမျိုးဇာတ်ဟု ပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် အာဇီဝက တက္ကတွန်းနှင့် အာဇီဝက တက္ကတွန်းမတို့ကို ဖြူသောအမျိုးဇာတ်ဟု ပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် နန္ဒဝစ္ဆ, ကိသသံကိစ္စနှင့် မက္ခလိဂေါသာလတို့ကို အလွန်ဖြူစင် သော အမျိုးဇာတ်ဟု ပညတ်ပါ၏။

အသျှင်ဘုရား ပူရဏကဿပသည် (ဤသို့လျှင်) အမျိုးဇာတ်ခြောက်မျိုးတို့ကို ပညတ်ပါ၏ဟု လျှောက်၏။

အာနန္ဒာ အသို့နည်း၊ ပူရဏကဿပအား တစ်လောကလုံးက ဤအမျိုးဇာတ်ခြောက်မျိုးတို့ကိုပညတ်ရန် ခွင့်ပြုပါသလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ခွင့်ပြုကြသည် မဟုတ်ပါ။

အာနန္ဒာ ကိုယ်ပိုင်ဥစ္စာမရှိသော မကြွယ်ဝသော ဆင်းရဲသော ယောကျာ်းသည် ရှိရာ၏။

ထိုသူအား အချင်းယောကျာ်း သင်သည် ဤနွားသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည် (ဟုဆို၍) အလိုမရှိဘဲလျက် အမဲသားတွဲကို အတင်းထိုးပေးသကဲ့သို့၊ အာနန္ဒာ ဤအတူသာလျှင်ပူရဏကဿပသည် ဤသမဏဗြာဟ္မဏတို့အား ဤဇာတ်ခြောက်မျိုးတို့ကို ဝန်ခံချက်မရဘဲ မိုက်သောမကျွမ်းကျင်သော ခေတ်ကို မသိသော မလိမ္မာသော ယောကျာ်းသည် ပညတ်သကဲ့သို့ ပညတ်၏။

အာနန္ဒာ ငါသည် အမျိုးဇာတ်ခြောက်မျိုးတို့ကို ပညတ်အံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာနှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟူ၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား လျှောက်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

အာနန္ဒာ အမျိုးဇာတ်ခြောက်မျိုးတို့ဟူသည် အဘယ်တို့နည်း။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘောတရားကို ဖြစ်စေ၏။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သောသဘောတရားကို ဖြစ်စေ၏။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သောသဘောတရားကို ဖြစ်စေ၏။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သောသဘောတရားကို ဖြစ်စေ၏။

အာနန္ဒာ ဤလောက၌ အ ချို့သောသူသည် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အနန္ဒာ အဘယ်သို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘောတရားကို ဖြစ်စေသနည်း။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် ယုတ်နိမ့်သော အမျိုးဇာတ်ဖြစ်သည့် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်စေမုဆိုးတံငါမျိုး၌ ဖြစ်စေ နှီးသမားအမျိုး၌ ဖြစ်စေ သားရေနယ်အမျိုး၌ ဖြစ်စေ ပန်းမှိုက်သွန်အမျိုး၌ ဖြစ်စေထမင်းအဖျော်နည်းပါးသော ငြိုငြင်စွာ အသက်မွေးရသည့် လူမွဲမျိုး၌ ဖြစ်ရ၏၊ ယင်းအမျိုးတို့၌ ငြိုငြင်စွာအဝတ်အစားကို ရ၏၊ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏၊ အနာရောဂါများ၏။ ကန်းသူကောက်ကွေးသူ ခွင်သူ ခြေဆွံ ့သူမူလည်း ဖြစ်၏။

ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို မရရှိလေ၊ ထိုသူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကိုပြုကျင့်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ငရဲ၌ ဖြစ်ရ၏။

အာနန္ဒာ ဤသို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘော တရားကိုဖြစ်စေ၏။

အာနန္ဒာ အဘယ်သို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သော သဘော တရားကိုဖြစ်စေသနည်း။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် ယုတ်နိမ့်သော အမျိုးဇာတ်ဖြစ်သည့် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်စေ။ပ။ အိပ်ရာ နေရာ ဆီမီးကို မရနိုင်ချေ။

ထိုသူသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကိုပြုကျင့်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။

အာနန္ဒာ ဤသို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သော သဘောတရားကိုဖြစ်စေ၏။

အာနန္ဒာ အဘယ်သို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်း မဟုတ်ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်သနည်း။

အာနန္ဒာ ဤလောက၌ အချို့သောသူသည် ယုတ်နိမ့်သော အမျိုးဇာတ်ဖြစ်သည့် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်စေ။ပ။ ထိုသူသည်ကား အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏၊ ထိုသူသည် ဆံမုတ်ဆိတ်ကို ပယ်၍့ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၏၊ ထိုသူသည် ဤသို့ရဟန်းပြုသည်ရှိသော် စိတ်ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သောအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်ပြီးလျှင် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာတည်စေလျက် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွါးများ၍ မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အာနန္ဒာ ဤသို့လျှင် မည်းညစ်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်းမဟုတ်ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အာနန္ဒာ အဘယ်သို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘော တရားကိုဖြစ်စေသနည်း။

အာနန္ဒာ ဤလောက၌ အချို့သော သူသည် ကြွယ်ဝသော များသော ဥစ္စာရှိသော များသောစည်းစိမ်ရှိသော များသော ရွှေငွေရှိသော များသော အသုံးအဆောင်ရှိသော များသော ဥစ္စာစပါးရှိသောခတ္တိယမဟာသာလ (မင်း) မျိုး၊ ဗြာဟ္မဏမဟာသာလ (ပုဏ္ဏား) မျိုး၊ ဂဟပတိမဟာသာလ (သူကြွယ်) မျိုးဖြစ်သည့် မြင့်မြတ်သောအမျိုး၌ ဖြစ်၏၊ ထိုသူသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ စိတ်ကြည်လင်ဖွယ်ရှိ၏၊ လွန်ကဲသော အဆင်း ကိုယ် သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာနံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးတို့ကို ရလွယ်၏၊ ထိုသူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကိုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ငရဲ၌ ဖြစ်ရ၏။

အာနန္ဒာ ဤသို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သော သဘောတရားကိုဖြစ်စေ၏။

အာနန္ဒာ အဘယ်သို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သော သဘောတရားကိုဖြစ်စေသနည်း။

အာနန္ဒာ ဤလောက၌ အချို့သော သူသည် ကြွယ်ဝသော များသော ဥစ္စာရှိသော မြင့်မြတ်သောအမျိုး၌ ဖြစ်၏။ပ။ အိပ်ရာ နေရာ ဆီမီးတို့ကို ရ၏၊ ထိုသူသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကိုကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ပြုကျင့်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။

အာနန္ဒာ ဤသို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် ဖြူစင်သော သဘောတရားကို ဖြစ်စေ၏။

အာနန္ဒာ အဘယ်သို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်းမဟုတ်ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်သနည်း။

အာနန္ဒာ ဤလောက၌ အချို့သော သူသည် ကြွယ်ဝသော များသော ဥစ္စာရှိသော များသောစည်းစိမ်ရှိသော များသော ရွှေငွေရှိသော များသော အသုံးအဆောင်ရှိသော များသော ဥစ္စာစပါးရှိသောခတ္တိယမဟာသာလ (မင်း) မျိုး၊ ဗြာဟ္မဏမဟာသာလ (ပုဏ္ဏား) မျိုး၊ ဂဟပတိမဟာသာလ (သူကြွယ်) မျိုးဖြစ်သည့် မြတ်သော အမျိုး၌ ဖြစ်၏၊ ထိုသူသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ စိတ်ကြည်လင်ဖွယ်ရှိ၏၊ လွန်ကဲသော အဆင်းကိုယ် သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာနံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးတို့ကို ရလွယ်၏။ ထိုသူသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၏၊ ထိုသူသည် ဤသို့ ရဟန်းပြုသည်ရှိသော် စိတ်ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော အပိတ်အပင့်’နီဝရဏ’ တရားငါးပါးတို့ကို ပယ်ပြီး၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေလျက်ဗောဇ္ဈင်ခုနစ်ပါး တို့ကိုဟုတ်တိုင်းမှန်စွာ ပွါးများ၍ မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အာနန္ဒာ ဤသို့လျှင် ဖြူစင်သော အမျိုးဇာတ်ရှိသူ ဖြစ်ပါလျက် မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ ရောက်၏။

အာနန္ဒာ အမျိုးဇာတ်ခြောက်မျိုးတို့ဟူသည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။