အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၅-ဒါရုကမ္မိကသုတ်

၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ ဒါရုကမ္မိက၁ သူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ဒါရုကမ္မိကသူကြွယ်အား မြတ်စွာဘုရားသည်—

“သူကြွယ် သင်၏ အမျိုး၌ အလှူကို ပေးလှူရပါ၏လော”ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အမျိုး၌ အလှူကို ပေးလှူရပါ၏၊ ထိုအလှူကိုလည်း ရဟန္တာမူလည်း့ဖြစ်ကုန်သော အရဟတ္တမဂ်သို့ ရောက်သည်မူလည်း ဖြစ်ကုန်သော အရညကင်ဓူတင် ပိဏ္ဍပါတ်ဓူတင်ပံ့သကူဓူတင်ကို ဆောက်တည်ကြသည့် သဘောရှိကုန်သော ရဟန်းတို့၌ အကျွန်ုပ် ပေးလှူရပါ၏ဟု (လျှောက်၏)။

သူကြွယ် ကာမဂုဏ်ခံစားမှုရှိသော သားမယားတို့ဖြင့် ကျဉ်းမြောင်းသည့် အိမ်ယာ၌ စိုးအုပ်နေသောကာသိတိုင်းထွက် စန္ဒကူးနှစ်ကို သုံးဆောင်သော ပန်း နံ့သာ နံ့သာပျောင်းကို ဆောင်သော ရွှေငွေကိုသာယာသော လူဖြစ်သည့် သင်သည် “ဤရဟန်းတို့သည် ရဟန္တာတို့ဟူ၍လည်းကောင်း၊ ဤရဟန်းတို့သည် အရဟတ္တမဂ်သို့ ရောက်သော ရဟန်းတို့ဟူ၍လည်းကောင်း” ထိုအကြောင်းကို သိနိုင်ခဲ၏။

သူကြွယ် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းသည် ပျံ့လွင့်သူ (ကျူပင်ကဲ့သို့) ထောင်လွှား သူလျှပ်ပေါ်သူ နှုတ်ကြမ်းသူ ဖရိုဖရဲကြဲသော စကားရှိသူ သတိလွတ်ကင်းသူ ဆင်ခြင်ဉာဏ်မရှိသူတည်ကြည်မှုမရှိသူ တုန်လှုပ်သောစိတ်ရှိသူ ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသူ အကယ်၍ ဖြစ်ပါမူထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းသည် မပျံ့လွင့်သူ (ကျူပင်ကဲ့သို့) မထောင်လွှားသူ မလျှပ်ပေါ်သူ နှုတ်မကြမ်းသူ ဖရိုဖရဲကြဲသော စကားမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူ တည်ကြည်သော စိတ်ရှိသူစောင့်စည်းအပ်သော ဣန္ဒြေရှိသူ အကယ်၍ ဖြစ်ပါမူထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ရွာနီးကျောင်း၌ နေသော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်း ဖြင့်ကဲ့ရဲ့ထိုက်၏။

သူကြွယ် ရွာနီးကျောင်း၌ နေသော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်း ဖြင့်ချီးမွမ်းထိုက်၏။

သူကြွယ် ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်သော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကိုထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်သော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကိုထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ပင့်ဖိတ်လှူဒါန်းသည့် ပစ္စည်းကို ခံယူသော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထို ရဟန်းကိုထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် ပင့်ဖိတ်လှူဒါန်းသည့် ပစ္စည်းကို ခံယူသော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ပံ့သကူဓူတင်ကိုဆောင်သော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ ့ထိုက်၏။

သူကြွယ် ပံ့သကူဓူတင်ကိုဆောင်သော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဆောင်သော ရဟန်းသည် ပျံ့လွင့်သူ (ကျူပင်ကဲ့သို့) ထောင်လွှားသူ လျှပ်ပေါ်သူ နှုတ်ကြမ်းသူ ဖရိုဖရဲကြဲသော စကားရှိသူ သတိလွတ်ကင်းသူဆင်ခြင်ဉာဏ်မရှိသူ တည်ကြည်မှုမရှိသူ တုန်လှုပ်သော စိတ်ရှိသူ ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသူအကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ ့ထိုက်၏။

သူကြွယ် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဆောင်သော ရဟန်းသည် မပျံ့လွင့်သူ (ကျူပင်ကဲ့သို့) မထောင်လွှားသူ မလျှပ်ပေါ်သူ နှုတ်မကြမ်းသူ ဖရိုဖရဲကြဲသော စကားမရှိသူ ထင်သော သတိရှိသူဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူ တည်ကြည်သော စိတ်ရှိသူ ဣန္ဒြေကိုစောင့်စည်းသူ အကယ် ၍့ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် တိုက်တွန်း၏၊ သင်သည် သံဃာအား အလှူတို့ကို ပေးလှူလေလော့၊ သံဃာအား အလှူကိုပေးလှူသော သင်၏ စိတ်သည် ကြည်လင်လိမ့်မည်၊ စိတ်ကြည်လင်မှုရှိသော သင်သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်၌ ဖြစ်ရလိမ့်မည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်သည် ယနေ့မှစ၍ သံဃာအား အလှူကို ပေးလှူပါတော့မည်ဟု (လျှောက်၏)။

ပဉ္စမသုတ်။

၁။ သစ်လုပ်ငန်းဖြင့် အသက်မွေး၍ ဒါရုကမ္မိကသူကြွယ်ဟု ခေါ်သည်။