အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၆-ဟတ္ထိသာရိပုတ္တသုတ်

၆ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ များစွာသော မထေရ်ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြလျက် အဘိဓမ္မာနှင့်စပ်သော စကားကို ပြောဆိုကုန်၏၊ ထိုသို့ ပြောဆိုရာ၌ ဆင်ဆရာသား အသျှင်စိတ္တသည် မထေရ်ကြီးတို့ အဘိဓမ္မာနှင့်စပ်သော စကားကို ပြောဆိုနေကြကုန်စဉ်အကြား အကြား၌ စကားဝင်ရောက်ပြောဆို၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ဆင်ဆရာ၏သားအသျှင်စိတ္တအား—

“ဆင်ဆရာ့သား အသျှင်စိတ္တသည် မထေရ်ကြီးတို့ အဘိဓမ္မာနှင့်စပ်သော စကားကို ပြောဆိုနေကြကုန်စဉ် အကြား အကြား၌ (မိမိ၏) စကားကို ဝင်ရောက်မပြောဆိုပါနှင့်၊ အသျှင်စိတ္တသည် စကားပြီးဆုံးသည်တိုင်အောင် ဆိုင်းငံ့ပါဦး”ဟု ပြောဆို၏။

ဤသို့ ပြောဆိုသည်ရှိသော် ဆင်ဆရာ့သား အသျှင်စိတ္တ၏ အဆွေခင်ပွန်းဖြစ်ကြသည့် ရဟန်းတို့ သည်အသျှင်မဟာကောဋ္ဌိကအား—

“အသျှင်မဟာကောဋ္ဌိကသည် ဆင်ဆရာ၏သား အသျှင်စိတ္တကို မမောင်းမဲပါလင့်၊ ဆင်ဆရာ၏သားအသျှင်စိတ္တသည် ပညာရှိ၏၊ ဆင်ဆရာ၏သား အသျှင်စိတ္တသည် မထေရ်ရဟန်းတို့နှင့်အတူ အဘိဓမ္မာနှင့်စပ်သော စကားကို ပြောဆိုရန် စွမ်းနိုင်ပါ၏”ဟု ဆိုကြကုန်၏။

ငါ့သျှင်တို့ သူတစ်ပါး၏ စိတ်ဖြစ်ပုံကို မသိသူတို့သည် ထိုအကြောင်းကို သိနိုင်ခဲသည်သာလျှင် တည်း၊ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆရာကို ဖြစ်စေ အလေးအမြတ်ပြုအပ်သည့် အရာ၌ တည်သော အခြားသီတင်းသုံးဖော်ကို ဖြစ်စေ မှီ၍ နေသမျှ ကာလပတ်လုံး ကောင်းမှု၌ အလွန်မွေ့လျော်သူကဲ့သို့ ဖြစ်၏၊ အလွန်နှိမ့်ချသူကဲ့သို့ ဖြစ်၏၊ အလွန်ငြိမ်သက်သူကဲ့သို့ ဖြစ်၏၊ ဆရာမှ ကင်းသောအခါနှင့် အလေးအမြတ်ပြုအပ်သည့် အရာ၌ တည်သော အခြားသီတင်းသုံးဖော်တို့မှကင်းသောအခါ၌ ထိုပုဂ္ဂိုလ်သည်ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတို့၏ တပည့်တို့နှင့် ရောနှောလျက်နေ၏၊ ရောနှောအပ်သည် စွန့်လွတ်အပ်သည် ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသည်စကားပြောဟောမှုကို အဖန်ဖန် အားထုတ်သည် ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်၏ စိတ်ကို စွဲမက်မှု ‘ရာဂ’ သည် ဖျက်ဆီး၏၊ ထိုပုဂ္ဂိုလ်သည် ရာဂဖျက်ဆီးအပ်သော စိတ်ဖြင့် သိက္ခာချလျက် လူထွက်၏၊ ငါ့သျှင်တို့ဥပမာသော်ကား ကောက်ပင်ကို စားသော နွားကို ကြိုးဖြင့်သော်လည်း ချည်နှောင်အပ်၏၊ နွားခြံ၌သော်လည်း လှောင်ထားအပ်၏၊ ငါ့သျှင်တို့ “ယခုအခါ ကောက်ပင်စားသည့် ဤနွားသည် ကောက်ပင်ရှိရာသို့နောက်တစ်ဖန် သက်ဆင်းတော့မည် မဟုတ်”ဟု ဆိုသောသူသည် ကောင်းစွာဆိုသည် မည်ပါသလောဟု (မေး၏)။

ငါ့သျှင် ဤသို့ဆိုသောသူသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် ကောက်ပင်ကို စားတတ်သောထိုနွားသည် ကြိုးကို ဖြတ်၍သော်လည်းကောင်း၊ ခြံကို ချိုးဖျက်၍သော်လည်းကောင်း ကောက်ပင်ရှိရာသို့နောက်တစ်ဖန် သက်ဆင်းရာသည့် အကြောင်းသည် ရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆရာကို ဖြစ်စေ အလေးအမြတ်ပြုအပ်သော အရာ၌ တည်သော အခြားသီတင်းသုံးဖော်ကို ဖြစ်စေ မှီ၍ နေသမျှ ကာလပတ်လုံးကောင်းမှု၌ အလွန်မွေ့လျော်သူကဲ့သို့ ဖြစ်၏၊ အလွန်နှိမ့်ချသူကဲ့သို့ ဖြစ်၏၊ အလွန်ငြိမ်သက်သူကဲ့သို့ဖြစ်၏၊ ဆရာမှ ကင်းသော အခါနှင့် အလေးအမြတ် ပြုအပ်သည့် အရာ၌ တည်သော အခြားသီတင်းသုံးဖော်တို့မှ ကင်းသောအခါတို့၌ ထိုပုဂ္ဂိုလ်သည် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတို့၏ တပည့်တို့နှင့် ရောနှောလျက် နေ၏၊ ရောနှောအပ်သည် စွန့်လွတ်အပ်သည်ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသည်စကားပြောဟောမှုကို အဖန်ဖန် အားထုတ်သည်ဖြစ်၍ နေသောထိုပုဂ္ဂိုလ်၏ စိတ်ကို စွဲမက်မှု ‘ရာဂ’ သည် ဖျက်ဆီး၏၊ ထိုပုဂ္ဂိုလ်သည် ရာဂဖျက်ဆီးအပ်သော စိတ်ဖြင့်သိက္ခာချလျက် လူထွက်၏။ (၁)

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ပဌမဈာန်ကို ငါရ၏”ဟု ရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။ ငါ့သျှင်တို့ ဥပမာသော်ကား ခရီးလေးခွဆုံရာ လမ်းမကြီး၌ မိုးပေါက်ကြီးမားသော မိုးရွာလတ်သော် မြူသည် ကွယ်ပျောက်ရာ၏၊ ညွန်ပျောင်းသည် ထင်ရှားဖြစ်ပေါ်ရာ၏၊ ငါ့သျှင်တို့ “ယခုအခါ၌ ဤမည်သော ခရီးလေးခွဆုံရာ လမ်းမကြီး၌ နောက်တစ်ဖန် မြူသည် ထင်ရှားဖြစ်တော့မည် မဟုတ်”ဟု ဆိုသော သူသည် ကောင်းစွာဆိုသည် မည်ရာသလောဟု (မေး၏)။

ငါ့သျှင် ဤသို့ ဆိုသောသူသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် ဤမည်သော ခရီးလေးခွ ဆုံရာလမ်းမကြီး၌ လူတို့သည်လည်း သွားလာကုန်ရာ၏၊ နွားဆိတ်တို့သည်လည်း သွားလာကုန်ရာ၏၊ လေနေပူသည်လည်း စိုစွတ်သော အစေးကို တိုက်ခတ်ကုန်ခန်းစေရာ၏၊ ထိုသို့ ဖြစ်သည်ရှိသော်မြူသည် နောက်တစ်ဖန် ဖြစ်ပေါ်လာရာသော အကြောင်းသည် ထင်ရှားရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ပဌမဈာန်ကို ငါရ၏”ဟု ရဟန်းတို့နှင့်ရောနှော၍ နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။ (၂)

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ချုပ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ဒုတိယဈာန်ကို ငါရ၏”ဟုရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။

ငါ့သျှင်တို့ ဥပမာသော်ကား ရွာ၏သော်လည်းကောင်း၊ နိဂုံး၏သော်လည်းကောင်း မနီးမဝေး၌ ကြီးမားသည့် တစ်ဖက်ဆည်ကန်သည် ရှိရာ၏၊ ထိုကန်၌ မိုးပေါက်ကြီးမားသည့် မိုးရွာသွန်းလတ်သော်ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကိုလည်းကောင်း ပျောက်ကွယ်စေရာ၏၊ ငါ့သျှင်တို့ “ယခုအခါ ဤမည်သော တစ်ဖက်ဆည်ကန်၌ ယောက်သွား ခရုတို့သည်လည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းတို့သည်လည်းကောင်း နောက်တစ်ဖန် ထင်ရှားဖြစ်ပေါ်တော့မည် မဟုတ်”ဟု ဆိုသောသူသည် ကောင်းစွာဆိုသည် မည်ရာသလောဟု (မေး၏)။

ငါ့သျှင် ဤသို့ ဆိုခြင်းသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် ဤရေကန်၌ လူတို့သည်လည်းသောက်ကုန်ရာ၏၊ နွားဆိတ်တို့သည်လည်း သောက်ကုန်ရာ၏၊ လေနေပူသည်လည်း စိုစွတ်သောအစေးကို တိုက်ခတ်ကုန်ခန်းစေရာ၏၊ ထိုသို့ ဖြစ်သည်ရှိသော် ယောက်သွား ခရုတို့သည်လည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းတို့သည်လည်းကောင်း နောက်တစ်ဖန် ထင်ရှားဖြစ်ပေါ်လာရာသောအကြောင်းသည် ထင်ရှားရာရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် “ဒုတိယဈာန်ကိုငါရ၏”ဟု ရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။ (၃)

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နှစ်သိမ့်မှု ‘ပီတိ’ ကင်းခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် “တတိယဈာန်ကို ငါရ၏”ဟု ရဟန်းတို့နှင့် ရောနှောလျက်နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။

ငါ့သျှင်တို့ ဥပမာသော်ကား မွန်မြတ်သော စားဖွယ်ကို စားပြီးသော ယောကျာ်းကို သိုးလေပြီးသောစားဖွယ်သည် မနှစ်သက်စေနိုင်ရာ၊ ငါ့သျှင်တို့ “ယခုအခါ ဤမည်သော ယောကျာ်းကို စားဖွယ်သည်နှစ်သက်စေတော့မည် မဟုတ်”ဟု ဆိုသော သူသည် ကောင်းစွာ ဆိုသည် မည်ရာသလောဟု (မေး၏)။

ငါ့သျှင် ဤသို့ ဆိုခြင်းသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် မွန်မြတ်သော စားဖွယ်ကို စားသောဤယောကျာ်း၏ ကိုယ်၌ ထိုသြဇာတည်သမျှသော ကာလပတ်လုံး ထိုယောကျာ်းကို အခြားသောစားဖွယ်သည် နှစ်သက်စေနိုင်လိမ့်မည် မဟုတ်ပါ၊ စားပြီးသော ထိုသြဇာကွယ်ပျောက်သောအခါ၌ ထိုစားဖွယ်သည် နောက်တစ်ဖန် နှစ်သက်စေနိုင်ရာသော အကြောင်းသည် ရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နှစ်သိမ့်မှု ‘ပီတိ’ ကင်းခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် “တတိယဈာန်ကို ငါရ၏”ဟုရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။ (၄)

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုခဝေဒနာကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခဝေဒနာကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည်”စတုတ္ထဈာန်ကို ငါရ၏”ဟု ရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။

ငါ့သျှင်တို့ ဥပမာသော်ကား လေမတိုက်၍ လှိုင်းမရှိသော တောင်ကြား ရေအိုင်သည် ရှိရာ၏၊ ငါ့သျှင်တို့ “ယခု ဤမည်သော ရေအိုင်၌ လှိုင်းသည် နောက်တစ်ဖန် ဖြစ်ပေါ်တော့မည် မဟုတ်”ဟုဆိုသော သူသည် ကောင်းစွာ ဆိုသည် မည်ပါသလောဟု (မေး၏)။

ငါ့သျှင် ထိုသို့ ဆိုခြင်းသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် အရှေ့အရပ်မှ တိုက်ခတ် လာသောလေပြင်းမုန်တိုင်းသည် ထိုရေအိုင်၌ လှိုင်းကို ဖြစ်စေရာ၏၊ အနောက်အရပ်မှ တိုက်ခတ်လာသောလေပြင်းမုန်တိုင်းသည်။ မြောက်အရပ်မှ တိုက်ခတ်လာသော လေပြင်းမုန်တိုင်းသည်။ တောင်အရပ်မှတိုက်ခတ်လာသော လေပြင်းမုန်တိုင်းသည် ထိုရေအိုင်၌ လှိုင်းကို ဖြစ်စေရာသော အကြောင်းသည် ရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုခဝေဒနာကိုလည်း ပယ်ခြင်းကြောင့် ဒုက္ခဝေဒနာကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည်”စတုတ္ထဈာန်ကို ငါရ၏”ဟု ရဟန်းတို့နှင့် ရောနှောလျက် နေ၏။ပ။ သိက္ခာချလျက် လူထွက်၏။ (၅)

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိမိတ်အားလုံးတို့ကို နှလုံးသွင်းခြင်းကြောင့်နိမိတ်ကင်းသော စိတ်၏ တည်ကြည်မှု ‘အနိမိတ္တစေတောသမာဓိ’ သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည်”နိမိတ်ကင်းသော စိတ်၏ တည်ကြည်မှု ‘အနိမိတ္တစေတောသမာဓိ’ ကို ငါရ၏”ဟု ရဟန်း ရဟန်းမိန်းမဥပါသကာ ဥပါသိကာမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတို့၏ တပည့်သာဝကတို့နှင့် ရောနှောလျက် နေ၏၊ ရောနှောအပ်သည် စွန့်လွတ်အပ်သည် ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသည် စကားပြောဟောမှုကိုအဖန်ဖန် အားထုတ်အပ်သည်ဖြစ်၍နေသော ထိုပုဂ္ဂိုလ်၏ စိတ်ကို စွဲမက်မှု ‘ရာဂ’ သည် ဖျက်ဆီး၏၊ ထိုပုဂ္ဂိုလ်သည် စွဲမက်မှု ‘ရာဂ’ ဖျက်ဆီးအပ်သော စိတ်ဖြင့် သိက္ခာချလျက် လူထွက်၏။

ငါ့သျှင်တို့ ဥပမာသော်ကား မင်းဖြစ်စေ မင်း၏ အမတ်ဖြစ်စေ စစ်အင်္ဂါလေးပါးဖြင့် ခရီးဝေးကိုသွားသည်ရှိသော် တောအုပ်တစ်ခု၌ တစ်ညဉ့်မျှ နေရန် ချဉ်းကပ်ရာ၏၊ ထိုတောအုပ်၌ ဆင်သံ မြင်းသံရထားသံ ခြေသည် စစ်သားတို့၏အသံ စည်ကြီးသံ ထက်စည်သံ ခရုသင်းသံ စည်ပုတ်သံတို့ကြောင့်ပုစဉ်းရင်ကွဲတို့၏ အသံသည် ပျောက်ကွယ်ရာ၏၊ ငါ့သျှင်တို့ “ယခုအခါ တောအုပ်၌ ပုစဉ်းရင်ကွဲတို့၏အသံသည် နောက်တစ်ဖန် ဖြစ်ပေါ်တော့မည် မဟုတ်”ဟု ဆိုသောသူသည် ကောင်းစွာ ဆိုသည် မည်ပါသလောဟု (မေး၏)။

ငါ့သျှင် ထိုသို့ ဆိုခြင်းသည် ကောင်းစွာဆိုသည် မမည်ပါ၊ ငါ့သျှင် ထိုမင်းဖြစ်စေ မင်း၏ အမတ် ဖြစ်စေထိုတောအုပ်မှ တစ်ဖန် ပြောင်းသွားသောအခါ ပုစဉ်းရင်ကွဲတို့၏ အသံသည် တစ်ဖန် ဖြစ်ပေါ်ရာ သောအကြောင်းသည် ရှိပါ၏။

ငါ့သျှင်တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိမိတ်အားလုံးကို နှလုံးမသွင်းခြင်းကြောင့် နိမိတ်ကင်းသော စိတ်၏ တည်ကြည်မှု ‘အနိမိတ္တစေတောသမာဓိ’ သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် “နိမိတ်ကင်းသော စိတ်၏ တည်ကြည်မှု ‘အနိမိတ္တစေတောသမာဓိ’ ကို ငါရ၏”ဟု ရဟန်းရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတို့၏တပည့်တို့နှင့် ရောနှောလျက်နေ၏၊ ရောနှောအပ်သည် စွန့်လွတ်အပ်သည် ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသည် စကားပြောဟောမှုကို အဖန်ဖန် အားထုတ်အပ်သည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်၏ စိတ်ကို စွဲမက်မှု ‘ရာဂ’ သည်ဖျက်ဆီး၏၊ ထိုပုဂ္ဂိုလ်သည် စွဲမက်မှု ‘ရာဂ’ ဖျက်ဆီးသော စိတ်ဖြင့် သိက္ခာချလျက် လူထွက်၏ဟု (ပြောဆို၏)။ (၆)

ထို့နောက် ဆင်ဆရာသား အသျှင်စိတ္တသည် အခါတစ်ပါး၌ သိက္ခာချလျက် လူထွက်၏။

ထိုအခါ ဆင်ဆရာသား အသျှင်စိတ္တ၏ အပေါင်းအဖော် ရဟန်းတို့သည် အရှင်မဟာကောဋ္ဌိကထံသို့ချဉ်းကပ်၍ အသျှင်မဟာကောဋ္ဌိကအား “အသို့ပါနည်း ဆင်ဆရာ၏သား အသျှင်စိတ္တသည် ဤမည် ဤမည်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ ဖြစ်သော်လည်း သိက္ခာချလျက် လူထွက်လိမ့်မည်”ဟုအသျှင်မဟာကောဋ္ဌိကသည် မိမိစိတ်ဖြင့် ဆင်ဆရာ၏သား အသျှင်စိတ္တ၏ စိတ်ကို ပိုင်းခြား၍သိပါသလော၊ ထိုသို့မဟုတ် အသျှင်ဘုရား ဆင်ဆရာ၏သား အသျှင်စိတ္တသည် “ဤမည် ဤမည်သောသမာပတ်ကို ရ၏၊ ထိုသို့ဖြစ်သော်လည်း သိက္ခာချလျက် လူထွက်ပါလိမ့်မည်”ဟု ထိုအကြောင်းကိုနတ်တို့က လျှောက်ကြားပါကုန်သလော”ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ဆင်ဆရာ၏သား အသျှင်စိတ္တသည် “ဤမည် ဤမည်သော သမာပတ်ကို ရ၏၊ ထိုသို့ဖြစ်သော်လည်း သိက္ခာချလျက် လူထွက်လိမ့်မည်”ဟု ငါသည် မိမိစိတ်ဖြင့် အသျှင်စိတ္တ၏ စိတ်ကိုပိုင်းခြား၍ သိ၏၊ နတ်တို့ကလည်း အသျှင်ဘုရား ဆင်ဆရာ၏သား အသျှင်စိတ္တသည် “ဤမည် ဤမည်သော သမာပတ်ကို ရ၏၊ ထိုသို့ဖြစ်သော်လည်း သိက္ခာချလျက် လူထွက်လိမ့်မည်”ဟု ထိုအကြောင်းကို ငါ့အား လျှောက်ကြားကြကုန်၏ဟု (မိန့်ဆို၏)။

ထိုအခါ ဆင်ဆရာ့သား အသျှင်စိတ္တ၏ အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်လျက်မြတ်စွာဘုရားအား “အသျှင်ဘုရား ဆင်ဆရာ၏သား အသျှင်စိတ္တသည် ဤမည် ဤမည်သော သမာပတ်ကို ရပါ၏၊ ထိုသို့ ရပါသော်လည်း သိက္ခာချလျက် လူထွက်ပါ၏”ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ စိတ္တသည် မကြာမြင့်မီ (ကာမဂုဏ်မှ) ထွက်မြောက်မှု နေက္ခမ္မဂုဏ်ကို အောက်မေ့နိုင့်လိမ့်မည်ဟု မိန့်တော်မူ၏။

ထို့နောက် ဆင်ဆရာ၏သား စိတ္တသည် မကြာမီပင် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပြန်၏။

ထိုအခါ ဆင်ဆရာ၏သား အသျှင်စိတ္တသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင်မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော်ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကုန်သော အမျိုးကောင်းသားတို့ လိုလားအပ်သည့် အတုမရှိမြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင်ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟုသိ၏၊ ဆင်ဆရာ၏သား အသျှင်စိတ္တသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။