အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၇-မဇ္ဈေသုတ်

၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ကြ၍ (စည်းဝေးရာ) တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာသော မထေရ်ရဟန်းတို့အား ဤအကြားစကားသည် ဖြစ်ပေါ်၏။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် ပါရာယနအစည်းအဝေး မေတ္တေယျလုလင် ပြဿနာ၌ —“အကြင်သူသည် ပညာဖြင့် အဖို့နှစ်ပါးတို့ကို သိ၍ အလယ်၌ မလိမ်းကျံမငြိကပ်၊ ထိုပုဂ္ဂိုလ်ကိုယောကျာ်းမြတ်ဟူ၍ ငါဆို၏၊ ထိုယောကျာ်းမြတ်သည် ဤပစ္စုပ္ပန်ဘဝ၌ ထိုထိုဘဝဝယ် ချုပ်စပ်တတ်သောတရားကို လွန်မြောက်၏”ဟူသော ဤဂါထာကို ဟောကြားတော်မူ၏။

ငါ့သျှင်တို့ အဖို့တစ်ခုဟူသည် အဘယ်နည်း၊ နှစ်ခုမြောက်သော အဖို့ဟူသည် အဘယ်နည်း၊ အလယ်ဟူသည် အဘယ်နည်း၊ ချုပ်စပ်တတ်သော တရားဟူသည် အဘယ်နည်းဟု (အကြားစကားသည်ဖြစ်ပေါ်၏)။

ဤသို့ ဖြစ်ပေါ်သည်ရှိသော် ရဟန်းတစ်ပါးက မထေရ်ကြီးရဟန်းတို့အား—

“ငါ့သျှင်တို့ ဖဿ၏ အစွမ်းအားဖြင့်ဖြစ်သော ပစ္စုပ္ပန် အတ္တဘောသည် အဖို့တစ်ခု ဖြစ်ပါ၏၊ ဖဿလျှင် အကြောင်းရင်းရှိသော အနာဂတ် အတ္တဘောသည် နှစ်ခုမြောက်အဖို့ ဖြစ်ပါ၏၊ ဖဿ၏ ချုပ်ငြိမ်းရာသည် အလယ် ဖြစ်ပါ၏၊ တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်ပါ၏၊ ထိုစကား မှန်ပါ၏၊ တဏှာသည် ထို (ဖဿ, ဖဿသမုဒယ) နှစ်ခုကို ထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်၏။

ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကို ထူးသော ဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော (ဒုက္ခသစ္စာ, သမုဒယသစ္စာ) တရားကို ပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့် သိအပ်သော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍ မျက်မှောက်ဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကိုပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“ငါ့သျှင်တို့ လွန်ပြီး ခန္ဓာငါးပါးသည် အဖို့တစ်ခု ဖြစ်ပါ၏၊ လာလတ္တံ့အနာဂတ် ခန္ဓာငါးပါးသည်ဒုတိယအဖို့ ဖြစ်ပါ၏၊ ယခုပစ္စုပ္ပန် ခန္ဓာငါးပါးသည် အလယ် ဖြစ်ပါ၏၊

တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်ပါ၏၊ ထိုစကား မှန်၏၊ တဏှာသည် ထိုခန္ဓာငါးပါးကိုထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည်ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကို ထူးသော ဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍သိအပ်သော တရားကို ပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့် သိအပ်သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကိုပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“ငါ့သျှင်တို့ သုခဝေဒနာသည် အဖို့တစ်ခု ဖြစ်ပါ၏၊ ဒုက္ခဝေဒနာသည် နှစ်ခုမြောက်အဖို့ ဖြစ်ပါ၏၊ ဥပေက္ခာဝေဒနာသည် အလယ် ဖြစ်ပါ၏၊ တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်ပါ၏၊ ထိုစကားမှန်၏၊ ထိုဝေဒနာကို ထိုတဏှာသည် ထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်ပါ၏။ ငါ့သျှင်တို့ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကိုထူးသော ဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်သိအပ်သော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“ငါ့သျှင်တို့ နာမ်သည် အဖို့တစ်ခု ဖြစ်ပါ၏၊ ရုပ်သည် နှစ်ခုမြောက်အဖို့ ဖြစ်ပါ၏၊ ဝိညာဉ်သည်အလယ် ဖြစ်ပါ၏၊ တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်ပါ၏၊ ထိုစကား မှန်၏၊ တဏှာသည်ထိုနာမ်ရုပ်ကို ထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်ပါ၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကို ထူးသောဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြား၍ သိ၏၊ ထူးသောဉာဏ်ဖြင့် သိအပ်သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍ ယခုဘဝ၌ပင်ဆင်းရဲ၏ အဆုံးကို ပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“အသျှင်ဘုရားတို့ အဇ္ဈတ္တိကာယတန ခြောက်ပါးတို့သည် အဖို့တစ်ခု ဖြစ်ပါ၏၊ ဗာဟိရာယတနခြောက်ပါးတို့သည် နှစ်ခုမြောက်အဖို့ ဖြစ်ပါ၏၊ ဝိညာဉ်သည် အလယ် ဖြစ်ပါ၏၊ တဏှာသည် ချုပ်စပ်တတ်သော တရားဖြစ်ပါ၏၊ ထိုစကား မှန်၏၊ တဏှာသည် ထိုအာယတနကို ထိုထိုဘဝ၏သာလျှင်ဖြစ်ပေါ်ရန် ချုပ်စပ်တတ်၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့်သိအပ်သော (သစ္စာလေးပါး) တရားကို ထူးသော ဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော တရားကိုပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့် သိအပ်သော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍သိအပ်သော တရားကို ပိုင်းခြားသိ၍ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“ငါ့သျှင်တို့ ထင်ရှားရှိသော ခန္ဓာငါးပါး (သက္ကာယ) သည် အဖို့တစ်ခု ဖြစ်ပါ၏၊ သက္ကာယဖြစ်ပေါ်ကြောင်းသည် နှစ်ခုမြောက်အဖို့ ဖြစ်ပါ၏၊ သက္ကာယ၏ ချုပ်ရာ (နိဗ္ဗာန်) သည် အလယ် ဖြစ်ပါ၏၊ တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်ပါ၏၊ ထိုစကား မှန်၏၊ တဏှာသည် ထိုသက္ကာယ,သက္ကာယ၏ အကြောင်းကို ထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်၏။ ငါ့သျှင်တို့ ဤမျှသောအတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကို ထူးသောဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်သိအပ်သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍့ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြု၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား—

“ငါ့သျှင်တို့ အကျွန်ုပ်တို့အားလုံးသည် မိမိတို့ဉာဏ် ထင်မြင်ချက်ကို ပြောကြားပြီးပြီ၊ ငါ့သျှင်တို့လာသွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ကုန်အံ့၊ မြတ်စွာဘုရား ဖြေကြားတော်မူတိုင်း ထိုအကြောင်းကို မှတ်ကြကုန်အံ့”ဟု လျှောက်၏။

“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် ပြန်ကြားကြကုန်၏။

ထိုအခါ မထေရ်ကြီးရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်လျက် အလုံးစုံသော ရဟန်းတို့နှင့် စကားပြောဆိုမှုဖြစ်သမျှ အားလုံးကိုမြတ်စွာဘုရားအား လျှောက်ကြားကုန်၏—

“အသျှင်ဘုရား အဘယ်သူ၏စကားသည် ကောင်းစွာ (မှန်ကန်စွာ) ပြောဆိုအပ်သော စကားဖြစ်ပါသနည်း”ဟု (လျှောက်ကြားကြကုန်၏)။

ရဟန်းတို့ အကြောင်းပရိယာယ်အားဖြင့် သင်တို့အားလုံး၏ စကားသည်ပင် ကောင်းစွာ ဆိုအပ်သောစကားဖြစ်၏၊ စင်စစ်သော်ကား ပါရာယန အစည်းအဝေး မေတ္တေယျလုလင် မေးအပ်သော ပြဿနာ၌ —“အကြင်သူသည် ပညာဖြင့် အဖို့နှစ်ပါးကို သိ၍ အလယ်၌ မလိမ်းကျံ မငြိကပ်၊ ထိုပုဂ္ဂိုလ်ကိုယောကျာ်းမြတ်ဟူ၍ ငါဆို၏၊ ထိုယောကျာ်းမြတ် ပုဂ္ဂိုလ်သည် ဤပစ္စုပ္ပန်ဘဝ၌ ထိုထိုဘဝကိုချုပ်စပ်တတ်သော တရားကို လွန်မြောက်၏”ဟု ငါရည်ရွယ်၍ ဟောအပ်သည့် အနက်အဓိပ္ပါယ်ကိုနာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏—

“ရဟန်းတို့ ဖဿ၏ အစွမ်းအားဖြင့်ဖြစ်သော ပစ္စုပ္ပန် အတ္တဘောသည် အဖို့တစ်ခု ဖြစ်၏၊ ဖဿလျှင်အကြောင်းရင်းရှိသော် အနာဂတ် အတ္တဘောသည် နှစ်ခုမြောက်အဖို့ ဖြစ်၏၊ ဖဿ၏ ချုပ်ရာ (နိဗ္ဗာန်) သည် အလယ် ဖြစ်၏၊ တဏှာသည် ချုပ်စပ်တတ်သော တရား ဖြစ်၏၊ ထိုစကား မှန်၏၊ တဏှာသည် ထိုဖဿ, ဖဿသမုဒယကို ထိုထိုဘဝ၏သာလျှင် ဖြစ်ပေါ်ရန် ချုပ်စပ်တတ်၏။ ရဟန်းတို့ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ထူးသော ဉာဏ်ဖြင့် သိအပ်သော (သစ္စာလေးပါး) တရားကိုထူးသော ဉာဏ်ဖြင့် သိ၏၊ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်သိအပ်သော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား၍ သိအပ်သော တရားကို ပိုင်းခြားသိ၍ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြု၏”ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။