အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၈-ပုရိသိန္ဒြိယဥာဏသုတ်

၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ဒဏ္ဍကပ္ပကမည်သော ကောသလတိုင်းသူတို့၏နိဂုံးသို့ ရောက်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲ၍ သစ်ပင်တစ်ပင်၏ အရင်းဝယ် ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူ၏၊ ထိုရဟန်းတို့သည်လည်း ဧည့်သည်တို့ (တည်းခိုရန်) နေရာကိုရှာဖွေခြင်းငှါ ဒဏ္ဍကပ္ပကနိဂုံးသို့ ဝင်ကုန်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့နှင့်အတူ ကိုယ် (ခန္ဓာ) ကို ရေသုံးသပ်ရန် အစိရဝတီမြစ်သို့ ချဉ်းကပ်၏၊ အစိရဝတီမြစ်၌ ရေချိုး၍ တစ်ဖန်ပြန်တက်ပြီးလျှင် ကိုယ်ကို ခြောက်သွေ့စေကာ သင်္ကန်းတစ်ထည် ဝတ်လျက် ရပ်နေ၏၊ ထိုအခါ့ရဟန်းတစ်ပါးသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာအား—

“ငါ့သျှင်အာနန္ဒာ အကြောင်းအသို့နည်း၊ မြတ်စွာဘုရားသည် စိတ်အားလုံးကို ဆင်ခြင်၍ ‘ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရလိမ့်မည်၊ ငရဲ၌ ဖြစ်ရလိမ့်မည်၊ အာယုကပ်ပတ်လုံး တည်လိမ့်မည်၊ ကုစားရန်မတတ် ကောင်း’ဟု ဒေဝဒတ်ကို မိန့်ကြားတော်မူအပ်ပါသလော။

သို့မဟုတ် အကြောင်း (ပရိယာယ်) တစ်စုံတစ်ခုဖြင့် မိန့်ကြားတော်မူအပ်ပါသလော”ဟု (ပြောဆို၏)။

ငါ့သျှင် ထိုအကြောင်းကို မြတ်စွာဘုရားသည် ဤအတိုင်း မိန့်ကြား၏ဟု (ဆို၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်သည် များစွာသော ရဟန်းတို့နှင့်အတူ ရေသုံးသပ်ရန် အစိရဝတီမြစ်သို့ချဉ်းကပ်ခဲ့ပါသည်၊ အစိရဝတီမြစ်၌ ရေသုံးသပ်၍ တစ်ဖန်ပြန်တက်ပြီးလျှင် ကိုယ်ကိုခြောက်သွေ့စေကာ သင်္ကန်းတစ်ထည်ဝတ်လျက် ရပ်နေပါသည်။

အသျှင်ဘုရား ထိုအခါ၌ ရဟန်းတစ်ပါးသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်အား—

“ငါ့သျှင်အာနန္ဒာ အကြောင်းအသို့နည်း၊ မြတ်စွာဘုရားသည် စိတ်အားလုံးကို ဆင်ခြင်၍ ‘ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရလိမ့်မည်၊ ငရဲ၌ ဖြစ်ရလိမ့်မည်၊ အာယုကပ်ပတ်လုံး တည်လိမ့်မည်၊ ကုစားရန်မတတ် ကောင်း’ဟု ဒေဝဒတ်ကို မိန့်ကြားတော်မူအပ်ပါသလော။

သို့မဟုတ် အကြောင်း (ပရိယာယ်) တစ်စုံတစ်ခုဖြင့် မိန့်ကြားတော်မူအပ်ပါသလော”ဟု ပြောဆိုပါ သည်။

အသျှင်ဘုရား ဤသို့ ပြောဆိုသောအခါ အကျွန်ုပ်သည် ထိုရဟန်းအား ဤစကားကို ပြောဆိုလိုက်ပါသည်—

“ငါ့သျှင် ထိုအကြောင်းကို မြတ်စွာဘုရားသည် ဤအတိုင်း မိန့်ကြား၏”ဟု (ပြောဆိုလိုက်ပါသည်)ဟုလျှောက်၏။

အာနန္ဒာ ထိုရဟန်းသည် ရဟန်းပြု၍ မကြာသေးသော ရဟန်းသစ်မူလည်း ဖြစ်လိမ့်မည်၊ မထေရ် ဖြစ်မူမိုက်မဲသူ မလိမ္မာသူသော်လည်း ဖြစ်ပေလိမ့်မည်၊ ငါသည် တိုက်ရိုက် မိန့်ကြားအပ်သည့် စကား၌ အဘယ့်ကြောင့် စိတ်နှစ်ခွရှိခြင်းသို့ ရောက်ဘိသနည်း။

အာနန္ဒာ စိတ်အားလုံးကို ဆင်ခြင်၍ ဒေဝဒတ်ကို မိန့်ကြားသကဲ့သို့ မိန့်ကြားအပ်သော အခြားပုဂ္ဂိုလ်ကို မမြင်။

အာနန္ဒာ သားမြီးဖျား တစ်တို့စာမျှ ဒေဝဒတ်၏ ဖြူစင်သည့်သဘောကို တွေ့မြင်ရသေးသည့်တိုင် အောင်”ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရလိမ့်မည်၊ ငရဲ၌ ဖြစ်ရလိမ့်မည်၊ အာယုကပ်ပတ်လုံး တည်နေ လိမ့်မည်၊ ကုစားရန် မတတ်ကောင်း’ဟု ဒေဝဒတ်ကို ငါ မိန့်ကြားခဲ့သည် မဟုတ်။

အာနန္ဒာ သားမြီးဖျား တစ်တို့စာမျှ ဒေဝဒတ်၏ ဖြူစင်သည့်သဘောကို မတွေ့မြင်ရသည့်အခါ၌ သာ”ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရလိမ့်မည်၊ ငရဲ၌ ဖြစ်ရလိမ့်မည်၊ အာယုကပ်ပတ်လုံး တည်လိမ့်မည်၊ ကုစားရန် မတတ်ကောင်း’ဟု ဒေဝဒတ်ကို ငါ မိန့်ကြားခဲ့၏။

အာနန္ဒာ ဥပမာသော်ကား တစ်သူ (လက်ခုပ်တစ်ဖေါင်) ကျော် နက်သော မစင်တွင်းသည် တွင်းနှုတ်ခမ်းရေးနှင့်အမျှ မစင်ပြည့်၏၊ ထိုမစင်တွင်း၌ ယောကျာ်းတစ်ယောက်သည် ဦးခေါင်းပါ နစ်မြုပ်ရာ၏၊ ထိုနစ်မြုပ်သော ယောကျာ်း၏ အကျိုးစီးပွါးကို လိုလားသော ဘေးမရှိခြင်းကို လိုလားသော ယောကျာ်းတစ်ယောက်သည် မစင်တွင်းမှ ကယ်တင်လိုသည် ဖြစ်ရာ၏၊ ထိုယောကျာ်းသည် မစင်တွင်းကို ပတ်ပတ်လည် လှည့်လည်ကြည့်ရှုသည်ရှိသော် ထိုယောကျာ်း၌ ကိုင်ဆွဲထုတ်ယူနိုင်လောက်သော သားမြီးဖျားတစ်တို့စာမျှ မစင်ဖြင့် မလိမ်းကျံသည့် နေရာကို မမြင်ရာ၊ အာနန္ဒာ ထို့အတူသာလျှင် ငါသည်သားမြီးဖျားတစ်တို့စာမျှ ဒေဝဒတ်၏ ဖြူစင်သည့် သဘောကို မတွေ့မြင်သောအခါ၌ သာ “ဒေဝဒတ်သည့်အပါယ်၌ ဖြစ်ရလိမ့်မည်၊ ငရဲ၌ ဖြစ်ရလိမ့်မည်၊ အာယုကပ်ပတ်လုံး တည်နေရလိမ့်မည်၊ ကုစားရန်မတတ်ကောင်း’ဟု ငါ မိန့်ကြား၏။

အာနန္ဒာ အကယ်၍ သင်တို့ နာကြားလိုကြပါမူ မြတ်စွာဘုရား၏ သတ္တဝါတို့ ဣန္ဒြေအနု အရင့်ကိုသိတတ်သော ‘ပုရိသိန္ဒြိယ’ ဉာဏ်တို့ကို ဝေဖန်ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုပုရိသိန္ဒြိယဉာဏ်တော်ကို ဝေဖန်ခြင်း၏ အခါကာလပါတည်း၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုပုရိသိန္ဒြိယဉာဏ်တော်ကိုဝေဖန်ခြင်း၏ အခါကာလပါတည်း၊ မြတ်စွာဘုရား အထံတော်မှ ကြားနာရကုန်၍ ရဟန်းတို့သည်ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်၏)။

အာနန္ဒာ သို့ဖြစ်မူ နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့ ဟောကြားမည်ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏—

အာနန္ဒာ ဤလောက၌ ငါသည် အချို့သောပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့လည်း ရှိကုန်၏၊ အကုသိုလ်တရားတို့လည်း ရှိကုန်၏”ဟု (မိမိ) စိတ်ဖြင့် (သူတစ်ပါး) စိတ်ကို ပိုင်းခြား၍ သိ၏၊ တစ်ပါးသောအခါ၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့ ကွယ်ပျောက်ကုန်၏၊ အကုသိုလ်တရားတို့ မျက်မှောက်ထင်ရှားဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသော ကုသိုလ်မူလရှိ၏၊ ထိုပုဂ္ဂိုလ်အား ထိုကုသိုလ် (မူလ) မှ ကုသိုလ် (တစ်ဖန်) ထင်ရှားဖြစ်လိမ့်ဦးမည်၊ ဤသို့ ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ မယုတ်လျော့ခြင်း သဘောရှိလိမ့်ဦးမည်”ဟု (မိမိ) စိတ်ဖြင့် (သူတစ်ပါး) စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား မကွဲ မပျက် မပုပ် မသိုးကုန်သော လေနေပူတို့ မဖျက်ဆီးအပ်ကုန်သောအနှစ်ရှိကုန်၍ ကောင်းမွန်စွာ သိုမှီးအပ်ကုန်သော မျိုးစေ့တို့ကို ကောင်းသော လယ်၌ ကောင်းစွာပြုပြင်အပ်သော မြေဝယ် စိုက်ပျိုးချထားအပ်ကုန်၏၊ အာနန္ဒာ “ဤမျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကြလိမ့်မည်”ဟု သင်သိရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့လည်း ရှိကုန်၏၊ အကုသိုလ်တရားတို့လည်း ရှိကုန်၏”ဟု (မိမိ) စိတ်ဖြင့် (သူတစ်ပါး) စိတ်ကိုပိုင်းခြား၍ သိ၏။

တစ်ပါးသောအခါ၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့ ကွယ်ပျောက်ကုန်၏၊ အကုသိုလ်တရားတို့ မျက်မှောက်ထင်ရှားဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသော ကုသိုလ်မူလရှိ၏၊ ထိုပုဂ္ဂိုလ်အား ထိုကုသိုလ် (မူလ) မှ ကုသိုလ် (တစ်ဖန်) ထင်ရှားဖြစ်လိမ့်ဦးမည်၊ ဤသို့ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ မယုတ်လျော့ခြင်း သဘောရှိလိမ့်ဦးမည်”ဟု (မိမိ) စိတ်ဖြင့် (သူတစ်ပါး) စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကိုသိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါတို့ ဣန္ဒြေ (အနုအရင့်ကို) သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နောင်အခါ၌ ဖြစ်ပေါ်မည့်တရားကို သိ၏။ (၁)

အာနန္ဒာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားသည်လည်း့ကောင်း၊ အကုသိုလ်တရားသည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏၊ တစ်ပါးသောအခါ၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ ကုသိုလ်တရားတို့သည် မျက်မှောက်ထင်ရှား ဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသောအကုသိုလ်မူလ ရှိ၏၊ ထိုပုဂ္ဂိုလ်အား ထိုအကုသိုလ် (မူလ) မှ အကုသိုလ် (တစ်ဖန်) ထင်ရှားဖြစ်လိမ့်ဦးမည်၊ ဤသို့ ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ ဆုတ်ယုတ်ခြင်းသဘောရှိလိမ့်ဦးမည်”ဟု စိတ်ဖြင့်စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား မကွဲ မပျက် မပုပ် မသိုးကုန်သော လေနေပူတို့ မဖျက်ဆီးအပ်ကုန်သောအနှစ်ရှိကုန်သော ကောင်းစွာ သိုမှီးအပ်ကုန်သော မျိုးစေ့တို့ကို ကြီးစွာသော ကျောက်ဖျာ၌ ချထားအပ်ကုန်၏၊ အာနန္ဒာ “ကျောက်ဖျာ၌ ချထားအပ်ကုန်သော ဤမျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်းပြန့်ပြောခြင်းသို့ ရောက်ကြလိမ့်မည် မဟုတ်ကုန်”ဟု သင်သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အားကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့်စိတ်ကို ပိုင်းခြား၍ သိ၏။

တစ်ပါးသောအခါ၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ ကုသိုလ်တရားတို့သည် မျက်မှောက်ထင်ရှား ဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသောအကုသိုလ်မူလ ရှိ၏၊ ထိုပုဂ္ဂိုလ်အား ထိုအကုသိုလ် (မူလ) မှ အကုသိုလ် (တစ်ဖန်) ထင်ရှားဖြစ်လိမ့်ဦးမည်၊ ဤသို့ ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ ဆုတ်ယုတ်ခြင်းသဘောရှိလိမ့်ဦးမည်”ဟုစိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကိုသိ၏။ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါတို့ဣန္ဒြေ (အနုအရင့်ကို) သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နောင်အခါ ဖြစ်ပေါ်မည့်တရားကို သိ၏။ (၂)

အာနန္ဒာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍သိ၏။ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား သားမြီးဖျားတစ်တို့စာမျှ ဖြူစင်သည့် တရားမရှိ၊ ဤပုဂ္ဂိုလ် သည် စင်စစ် မည်းညစ်ကုန်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏၊ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သောငရဲသို့ ရောက် လိမ့်မည်”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား ကွဲ ပျက် ပုပ် သိုးကုန်၍ လေနေပူတို့သည် ဖျက်ဆီးအပ်သော မျိုးစေ့တို့ကို ကောင်းသော လယ်၌ ကောင်းစွာ ပြုပြင် ထွန်ယက်အပ်သော မြေဝယ် စိုက်ပျိုးထားအပ်ကုန်၏၊ အာနန္ဒာ “ဤမျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကြလိမ့်မည် မဟုတ်”ဟုသင် သိရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို့ပိုင်းခြား၍ သိ၏၊ ထိုပုဂ္ဂိုလ်ကို အခါတစ်ပါး၌ “ဤပုဂ္ဂိုလ်အား သားမြီးဖျား တစ်တို့စာမျှ ဖြူစင်သည့်တရားမရှိ၊ ဤပုဂ္ဂိုလ်သည် စင်စစ်မည်းညစ်ကုန်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်လိမ့်မည်”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကိုသိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါတို့ ဣန္ဒြေ (အနုအရင့်ကို) သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏၊ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့်စိတ်ကို ပိုင်းခြား၍ နောင်အခါဖြစ်ပေါ်မည့် တရားကို သိ၏ဟု (မိန့်တော်မူ၏)။ (၃)

ဤသို့ ဟောတော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား—

အသျှင်ဘုရား ဤပုဂ္ဂိုလ်သုံးယောက်တို့မှတစ်ပါး တူမျှသောအဖို့ရှိသည့် ပုဂ္ဂိုလ်သုံးယောက်တို့ကိုပညတ်ရန် တတ်ကောင်းပါသေးသလောဟု လျှောက်၏။

“အာနန္ဒာ တတ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

အာနန္ဒာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ အကုသိုလ်တရားတို့သည် မျက်မှောက်ထင်ရှား ဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသောကုသိုလ်မူလ ရှိ၏၊ ထိုကုသိုလ်မူလသည်လည်း အချင်းခပ်သိမ်း ကင်းကွာခြင်းသို့ ရောက်၏၊ ဤသို့ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ ဆုတ်ယုတ်သော သဘောဖြစ်လိမ့်မည်”ဟု ဤသို့ စိတ်ဖြင့်စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား အခိုးအလျှံနှင့်တကွ ထက်ဝန်းကျင် တပြောင်ပြောင် ရဲရဲတောက်လောင် သောမီးကျီးတို့ကို ကျောက်ဖျာကြီး၌ ချထားအပ်ကုန်သည်ရှိသော် “ဤမီးကျီးတို့သည် ကြီးပွါးခြင်း စည်ပင်ခြင်းပြန့်ပြောခြင်းသို့ ရောက်လိမ့်မည် မဟုတ်ကုန်”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဥပမာတစ်နည်းသော်ကား ညနေချမ်းအခါ နေဝင်သည်ရှိသော် “အလင်းရောင် ကွယ်ပျောက်၍အမိုက်တိုက် ထင်ရှားဖြစ်လိမ့်မည်”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဥပမာတစ်နည်းသော်ကား သန်းခေါင်ယံ မတိုင်မီ ညစာစားချိန်၌ “အလင်းရောင် ကွယ်ပျောက်၍ အမိုက်တိုက် ထင်ရှားဖြစ်၏”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ အကုသိုလ်တရားတို့သည် ထင်ရှားဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသောကုသိုလ်မူလ ရှိ၏၊ ထိုကုသိုလ်မူလသည်လည်း အချင်းခပ်သိမ်း ကင်းကွာခြင်းသို့ ရောက်၏၊ ဤသို့ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ ဆုတ်ယုတ်သော သဘောရှိလိမ့်မည်”ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကို့သိ၏။ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့်စိတ်ကို ပိုင်းခြား၍ သတ္တဝါတို့၏ဣန္ဒြေ (အနုအရင့်ကို) သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏။ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည်စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နောင်အခါ၌ ဖြစ်ပေါ်မည့် တရားကို သိ၏။ (၄)

အာနန္ဒာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ ကုသိုလ်တရားတို့သည် မျက်မှောက်ထင်ရှားဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အား မပြတ်သေးသောအကုသိုလ်မူလ ရှိ၏၊ ထိုအကုသိုလ် မူလသည်လည်း အချင်းခပ်သိမ်း ကင်းကွာခြင်းသို့ ရောက်၏၊ ဤသို့ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ မဆုတ်ယုတ်သော သဘောရှိလိမ့်မည်”ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား အခိုးအလျှံနှင့်တကွ ထက်ဝန်းကျင် တပြောင်ပြောင် ရဲရဲတောက်လောင် သောမီးကျီးတို့ကို ခြောက်သွေ့သော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ချထားအပ်ကုန်သည်ရှိသော်”ဤမီးကျီးတို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်လိမ့်မည်”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဥပမာတစ်နည်းသော်ကား ညဉ့်၏ မိုးသောက်ယံ၌ နေထွက်သည်ရှိသော် “အမိုက်တိုက်ကွယ်ပျောက်၍ အလင်းရောင် ထင်ရှားဖြစ်လိမ့်မည်”ဟု သင်သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဥပမာတစ်နည်းသော်ကား နေမွန်းတည့်မတိုင်မီ နံနက်စာစားချိန်၌ “အမိုက်တိုက်ကွယ်ပျောက်၍ အလင်းရောင် ထင်ရှားဖြစ်၏”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ကွယ်ပျောက်ကုန်၏၊ ကုသိုလ်တရားတို့သည် မျက်မှောက်ထင်ရှား ဖြစ်ကုန်၏၊ သို့သော်လည်း ထိုပုဂ္ဂိုလ်အားမပြတ်သေးသော အကုသိုလ်မူလ ရှိ၏၊ ထိုအကုသိုလ် မူလသည်လည်း အချင်းခပ်သိမ်း ကင်းကွာခြင်းသို့ရောက်၏၊ ဤသို့ဖြစ်သည်ရှိသော် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ မဆုတ်ယုတ်သော သဘောရှိလိမ့်မည်”ဟုစိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကိုသိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သတ္တဝါတို့၏ ဣန္ဒြေ (အနုအရင့်ကို) သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နောင်အခါ၌ ဖြစ်ပေါ်မည့်တရားကို သိ၏။ (၅)

အာနန္ဒာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား သားမြီးဖျားတစ်တို့စာမျှသော်လည်း အကုသိုလ့်တရား မရှိ၊ ဤပုဂ္ဂိုလ်သည် အပြစ်မရှိ စင်စစ်ဖြူစင်သောတရားတို့နှင့် ပြည့်စုံ၏၊ ယခုဘဝ၌ပင်လျှင်ပရိနိဗ္ဗာန် ပြုလိမ့်မည်”ဟု ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဥပမာသော်ကား အေးကုန် ငြိမ်းကုန်သော မီးကျီးတို့ကို ခြောက်သွေ့သော မြက်ပုံ၌ ဖြစ်စေထင်းပုံ၌ ဖြစ်စေ ချထားအပ်ကုန်သည်ရှိသော် “ဤမီးကျီးတို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကြလိမ့်မည် မဟုတ်ကုန်”ဟု သင် သိနိုင်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိနိုင်ရာပါ၏။

အာနန္ဒာ ဤအတူသာလျှင် ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား ကုသိုလ်တရားတို့သည်လည်းကောင်း၊ အကုသိုလ်တရားတို့သည်လည်းကောင်း ရှိကုန်၏”ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏၊ အခါတစ်ပါး၌ ထိုပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်အား သားမြီးဖျား တစ်တို့စာမျှသော်လည်းအကုသိုလ်မရှိ၊ ဤပုဂ္ဂိုလ်သည် အပြစ်မရှိ၊ စင်စစ် ဖြူစင်သည့် တရားတို့နှင့် ပြည့်စုံ၏၊ ယခုဘဝ၌ပင်ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။

အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါဖြစ်သော ပုဂ္ဂိုလ်ကိုသိ၏။ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည် စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သတ္တဝါတို့၏ ဣန္ဒြေ (အနုအရင့်) ကို သိသော ‘ပုရိသိန္ဒြိယ’ ဉာဏ်ကို သိ၏၊ အာနန္ဒာ ဤသို့လည်း မြတ်စွာဘုရားသည်စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နောင်အခါ ဖြစ်ပေါ်မည့် တရားကို သိ၏။ (၆)

အာနန္ဒာ ထိုပုဂ္ဂိုလ်ခြောက်ယောက်တို့တွင် ရှေ့ပုဂ္ဂိုလ်သုံးယောက်တို့အနက် တစ်ယောက်သောပုဂ္ဂိုလ်သည် မဆုတ်ယုတ်သော သဘောရှိ၏၊ တစ်ယောက်သော ပုဂ္ဂိုလ်သည် ဆုတ်ယုတ်သော သဘောရှိ၏၊ တစ်ယောက်သော ပုဂ္ဂိုလ်သည် အပါယ်ငရဲသို့ ကျမည့်သူဖြစ်၏။

အာနန္ဒာ ထိုပုဂ္ဂိုလ်ခြောက်ယောက်တို့တွင် နောက်ပုဂ္ဂိုလ်သုံးယောက်တို့အနက် တစ်ယောက်သောပုဂ္ဂိုလ်သည် မဆုတ်ယုတ်သော သဘောရှိ၏၊ တစ်ယောက်သော ပုဂ္ဂိုလ်သည် ဆုတ်ယုတ်သော သဘောရှိ၏၊ တစ်ယောက်သော ပုဂ္ဂိုလ်သည် အေးငြိမ်းသော သဘောရှိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။