အင်္ဂုတ္တရနိကာယ်

၆-မဟာဝဂ်

၉-နိဗ္ဗေဓိကသုတ်

၆၃။ ရဟန်းတို့ (ကိလေသာကို) ဖောက်ခွဲကြောင်း ‘နိဗ္ဗေဓိကပရိယာယ’ တရားဒေသနာကို သင်တို့အား ဟောကြားပေအံ့၊ ထိုနိဗ္ဗေဓိကပရိယာယ တရားဒေသနာကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —

ရဟန်းတို့ (ကိလေသာကို) ဖောက်ခွဲကြောင်း ထိုတရားဒေသနာဟူသည် အဘယ်နည်း။

ရဟန်းတို့ ကာမတို့ကို သိအပ်ကုန်၏၊ ကာမတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ ကာမတို့၏ ထူးသောအဖြစ်ကို သိအပ်၏၊ ကာမတို့၏ အကျိုးကို သိအပ်၏၊ ကာမတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ကာမတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိအပ်၏။ (၁)

ရဟန်းတို့ ဝေဒနာတို့ကို သိအပ်ကုန်၏၊ ဝေဒနာတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ ဝေဒနာတို့၏ထူးသော အဖြစ်ကို သိအပ်၏၊ ဝေဒနာတို့၏ အကျိုးကို သိအပ်၏၊ ဝေဒနာတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ဝေဒနာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိအပ်၏။ (၂)

ရဟန်းတို့ သညာတို့ကို သိအပ်ကုန်၏၊ သညာတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ သညာတို့၏ ထူးသောအဖြစ်ကို သိအပ်၏၊ သညာတို့၏ အကျိုးကို သိအပ်၏၊ သညာတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိအပ်၏။ (၃)

ရဟန်းတို့ အာသဝေါတရားတို့ကို သိအပ်ကုန်၏၊ အာသဝေါတရားတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ အာသဝေါတရားတို့၏ ထူးသော အဖြစ်ကို သိအပ်၏၊ အာသဝေါတရားတို့၏ အကျိုးကို သိအပ်၏၊ အာသဝေါ တရားတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိအပ်၏။ (၄)

ရဟန်းတို့ ကံကို သိအပ်၏၊ ကံတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ ကံတို့၏ ထူးသော အဖြစ်ကိုသိအပ်၏၊ ကံတို့၏ အကျိုးကို သိအပ်၏၊ ကံတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ကံတို့၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို သိအပ်၏။ (၅)

ရဟန်းတို့ ဒုက္ခကို သိအပ်၏၊ ဒုက္ခ၏ ဖြစ်ကြောင်းကို သိအပ်၏၊ ဒုက္ခ၏ ထူးသော အဖြစ်ကိုသိအပ်၏၊ ဒုက္ခ၏ အကျိုးကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို သိအပ်၏။ (၆)

“ရဟန်းတို့ ကာမတို့ကို သိအပ်ကုန်၏၊ ကာမတို့၏ ဖြစ်ကြောင်းကို သိအပ်၏၊ ကာမတို့၏ ထူးသောအဖြစ်ကို သိအပ်၏၊ ကာမတို့၏ အကျိုးကို သိအပ်၏၊ ကာမတို့၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ကာမတို့၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိအပ်၏”ဟူ၍ ဟောကြားအပ်သော ဤစကားသည်အဘယ်ကို စွဲ၍ ဟောအပ်သော စကားဖြစ်သနည်း။

ရဟန်းတို့ ကာမဂုဏ်တို့သည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည် ဖြစ်၍ ချစ်ဖွယ်သဘောရှိလျက် ကာမနှင့်စပ်ကုန် တပ်မက်ကြောင်းဖြစ်ကုန်သော စက္ခုဝိညာဉ်ဖြင့် သိအပ်သည့် ရူပါရုံ၊ သောတဝိညာဉ်ဖြင့် သိအပ်သည့် သဒ္ဒါရုံ၊ ဃာနဝိညာဉ်ဖြင့် သိအပ်သည့် ဂန္ဓာရုံ၊ ဇိဝှါဝိညာဉ်ဖြင့်သိအပ်သည့် ရသာရုံ၊ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည် ဖြစ်၍ ချစ်ဖွယ်သဘောရှိလျက်ကာမနှင့်စပ်ကုန် တပ်မက်ကြောင်းဖြစ်ကုန်သော ကာယဝိညာဉ်ဖြင့် သိအပ်သည့် ဖောဋ္ဌဗ္ဗာရုံ အားဖြင့်ဤငါးပါးတို့တည်း။

ရဟန်းတို့ စင်စစ်သော်ကား ထိုရူပါရုံစသည်တို့သည် ကာမတို့ မဟုတ်ကုန်၊ ထိုရူပါရုံစသည်တို့ကိုအရိယာတို့၏ အဆုံးအမ၌ ကာမဂုဏ်တို့မည်၏ဟူ၍သာ ဆိုအပ်ကုန်၏။ သတ္တဝါ၏ ကြံစည်သည့် အစွမ်းဖြင့် ဖြစ်သော စွဲမက်မှု ‘သင်္ကပ္ပရာဂ’ သည် ကာမ မည်၏၊ လောက၌ ဆန်းကြယ်သော အာရုံတို့သည် ကာမတို့ မမည်ကုန်။ သတ္တဝါ၏ ကြံစည်သော အစွမ်းဖြင့် ဖြစ်သောစွဲမက်မှု ‘သင်္ကပ္ပရာဂ’ သည် လောက၌ တည်၏၊ ဆန်းကြယ်သော အာရုံတို့သည် ထိုအတူသာလျှင်လောက၌ တည်ကုန်၏၊ ထိုသို့ဖြစ်ရာဝယ် ဤအာရုံတို့၌ လိုချင်နှစ်သက်မှု’ဆန္ဒ’ ရာဂကို ပညာရှိတို့ပယ်ဖျောက်ကြကုန်၏။

ရဟန်းတို့ ကာမတို့၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ သည် ကာမတို့၏ ဖြစ်ကြောင်းတည်း။

ရဟန်းတို့ ကာမတို့၏ ထူးသော အဖြစ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ရူပါရုံတို့၌ လိုလားမှု ‘ကာမ’ သည် တစ်မျိုးတစ်ခြားပင်တည်း၊ သဒ္ဒါရုံတို့၌ လိုလားမှု’ကာမ’ သည် တစ်မျိုးတစ်ခြားပင်တည်း၊ ဂန္ဓာရုံတို့၌ လိုလားမှု ‘ကာမ’ သည် တစ်မျိုးတစ်ခြားပင်တည်း၊ ရသာရုံတို့၌ လိုလားမှု ‘ကာမ’ သည် တစ်မျိုးတစ်ခြားပင်တည်း၊ ဖောဋ္ဌဗ္ဗာရုံတို့၌ လိုလားမှု ‘ကာမ’ သည်တစ်မျိုးတစ်ခြားပင်တည်း၊ ရဟန်းတို့ ဤသည်ကို ကာမတို့၏ ထူးသော အဖြစ်ဟူ၍ ဆိုအပ်၏

ရဟန်းတို့ ကာမတို့၏ အကျိုးဟူသည် အဘယ်နည်း။

ရဟန်းတို့ (ကာမဂုဏ်ကို) လိုလားသူသည် ကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း၊ အကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း ဖြစ်သော ထိုထို (ကိလေသာကာမ) အားလျော်သော အတ္တဘောကို့ဖြစ်စေ၏၊ ရဟန်းတို့ ဤသည်ကို ကာမတို့၏ အကျိုးဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကာမတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းမှုသည် ကာမတို့၏ ချုပ်ငြိမ်းမှု ဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် ကာမတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့် ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု၊ မှန်ကန်စွာ ကြံစည်မှု၊ မှန်ကန်စွာ ပြောဆိုမှု၊ မှန်ကန်စွာ ပြုလုပ်မှု၊ မှန်ကန်စွာအသက်မွေးမှု၊ မှန်ကန်စွာ အားထုတ်မှု၊ မှန်ကန်စွာ အောက်မေ့မှု၊ မှန်ကန်စွာ တည်ကြည်မှုတို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ကာမတို့ကို သိ၏၊ ဤသို့ ကာမတို့၏ဖြစ်ကြောင်းကို သိ၏၊ ဤသို့ ကာမတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ ကာမတို့၏အကျိုးကို သိ၏၊ ဤသို့ ကာမတို့၏ ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ ကာမတို့၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါ ထိုအရိယာတပည့်သည် ကိလေသာကာမကိုချုပ်ငြိမ်းစေတတ်သော ကိလေသာ ကာမကို ဖောက်ခွဲနိုင်သော ဤမြတ်သော အကျင့်ကို သိ၏။

“ရဟန်းတို့ ကာမတို့ကို သိအပ်ကုန်၏။ပ။ ကာမတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုသိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်၏။ (၁)

“ရဟန်းတို့ ဝေဒနာကို သိအပ်၏။ပ။ ဝေဒနာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုသိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကို စွဲ၍ ဟောကြားအပ်သောစကားဖြစ် သနည်း။

ရဟန်းတို့ ဝေဒနာတို့သည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာအားဖြင့် ဤသုံးပါးတို့တည်း။

ရဟန်းတို့ ဝေဒနာတို့၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ သည် ဝေဒနာတို့၏ ဖြစ်ကြောင်းတည်း။

ရဟန်းတို့ ဝေဒနာတို့၏ ထူးသော အဖြစ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ (ကိလေသာ) အာမိသနှင့် ယှဉ်သော သုခဝေဒနာသည် ရှိ၏၊ အာမိသနှင့် မယှဉ်သောသုခဝေဒနာသည် ရှိ၏၊ အာမိသနှင့် ယှဉ်သော ဒုက္ခဝေဒနာသည် ရှိ၏၊ အာမိသနှင့် မယှဉ်သော ဒုက္ခဝေဒနာသည် ရှိ၏၊ အာမိသနှင့် ယှဉ်သော အဒုက္ခမသုခဝေဒနာသည် ရှိ၏၊ အာမိသနှင့် မယှဉ်သောအဒုက္ခမသုခဝေဒနာသည် ရှိ၏။

ရဟန်းတို့ ဤသည်ကို ဝေဒနာတို့၏ ထူးသော အဖြစ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဝေဒနာတို့၏ အကျိုးဟူသည် အဘယ်နည်း၊ ဝေဒနာခံစားသူသည် ကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း၊ အကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း ဖြစ်သော ထိုထို (ဝေဒနာ) အားလျော်သော အတ္တဘောကို ဖြစ်စေ၏၊ ရဟန်းတို့ ဤသည်ကို ဝေဒနာတို့၏ အကျိုးဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဝေဒနာတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းမှုသည် ဝေဒနာတို့၏ ချုပ်ငြိမ်းမှုဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် ဝေဒနာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု။ပ။ မှန်ကန်စွာ တည်ကြည်မှု တို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ဝေဒနာတို့ကို သိ၏၊ ဤသို့ ဝေဒနာတို့၏ဖြစ်ကြောင်းကို သိ၏၊ ဤသို့ ဝေဒနာတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ ဝေဒနာတို့၏ အကျိုးကိုသိ၏၊ ဤသို့ ဝေဒနာတို့၏ ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ ဝေဒနာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုအခါ ထိုအရိယာတပည့်သည် ဝေဒနာတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကိုဖောက်ခွဲနိုင်သော ဤမြတ်သော အကျင့်ကို သိ၏။

“ရဟန်းတို့ ဝေဒနာတို့ကို သိအပ်ကုန်၏။ပ။ ဝေဒနာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့် ကိုသိအပ်၏”ဟူ၍ ငါဟောကြားအပ်သော စကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်၏။ (၂)

“ရဟန်းတို့ သညာကို သိအပ်၏။ပ။ သညာ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်သနည်း။

ရဟန်းတို့ သညာတို့သည် အဆင်း၌ မှတ်သားမှု ‘ရူပသညာ’၊ အသံ၌ မှတ်သားမှု ‘သဒ္ဒသညာ’၊ အနံ့၌ မှတ်သားမှု ‘ဂန္ဓသညာ’၊ အရသာ၌ မှတ်သားမှု ‘ရသသညာ’၊ အတွေ့၌ မှတ်သားမှု ‘ဖောဋ္ဌဗ္ဗ သညာ’၊ သဘောတရား၌ မှတ်သားမှု ‘ဓမ္မသညာ’ အားဖြင့် ဤခြောက်ပါးတို့တည်း။

ရဟန်းတို့ သညာတို့၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ သည် သညာတို့၏ ဖြစ်ကြောင်းတည်း။

ရဟန်းတို့ သညာတို့၏ ထူးသော အဖြစ်သည် အဘယ်နည်း။

ရဟန်းတို့ ရူပါရုံတို့၌ မှတ်သားမှု ‘သညာ’ သည် တစ်မျိုးတစ်ခြားတည်း၊ သဒ္ဒါရုံတို့၌ မှတ်သားမှု ‘သညာ’ သည် တစ်မျိုးတစ်ခြားတည်း၊ ဂန္ဓာရုံတို့၌ မှတ်သားမှု ‘သညာ’ သည် တစ်မျိုးတစ်ခြားတည်း၊ ရသာရုံတို့၌ မှတ်သားမှု ‘သညာ’ သည် တစ်မျိုးတစ်ခြားတည်း၊ ဖောဋ္ဌဗ္ဗာရုံတို့၌ မှတ်သားမှု ‘သညာ’ သည်တစ်မျိုးတစ်ခြားတည်း၊ ဓမ္မာရုံတို့၌ မှတ်သားမှု ‘သညာ’ သည် တစ်မျိုးတစ်ခြားတည်း၊ ရဟန်းတို့ ဤသည်ကို သညာတို့၏ ထူးသော အဖြစ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သညာတို့၏ အကျိုးဟူသည် အဘယ်နည်း။

“ဤသို့ မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့၏”ဟု သိနိုင်လောက်သည့် အခြင်းအရာအားဖြင့် ခေါ်ဝေါ်ပြောဆိုနိုင်ရကား သညာကို ခေါ်ဝေါ်ရခြင်း အကျိုးရှိ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤသည်ကို သညာတို့၏အကျိုးဟု ဆိုအပ်၏။

ရဟန်းတို့ သညာတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ချုပ်မှုသည် သညာတို့၏ ချုပ်မှုဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု။ပ။ မှန်ကန်စွာ တည်ကြည်မှုတို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ သညာတို့ကို သိ၏၊ ဤသို့ သညာတို့၏ဖြစ်ကြောင်းကို သိ၏၊ ဤသို့ သညာတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ သညာတို့၏ အကျိုးကိုသိ၏၊ ဤသို့ သညာတို့၏ ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုအခါ ထိုအရိယာတပည့်သည် သညာတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကိုဖောက်ခွဲနိုင်သော ဤမြတ်သော အကျင့်ကို သိ၏။

“ရဟန်းတို့ သညာတို့ကို သိအပ်ကုန်၏။ပ။ သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုသိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်၏။ (၃)

“ရဟန်းတို့ အာသဝေါတရားတို့ကို သိအပ်၏။ပ။ အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်သနည်း။

ရဟန်းတို့ အာသဝေါတရားတို့သည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ အားဖြင့် ဤသုံးပါး တို့တည်း။

ရဟန်းတို့ အာသဝေါတရားတို့၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’သည် အာသဝေါတရားတို့၏ ဖြစ်ကြောင်းတည်း။

ရဟန်းတို့ အာသဝေါတရားတို့၏ ထူးသော အဖြစ်သည် အဘယ်နည်း။

ရဟန်းတို့ ငရဲသို့ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ တိရစ္ဆာန်ဘုံသို့ ရောက် ကြောင်းအာသဝေါတရားတို့သည် ရှိကုန်၏၊ ပြိတ္တာဘုံသို့ ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ လူ့ဘုံလောကသို့ ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ နတ်ဘုံလောကသို့ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ထူးသောအဖြစ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အာသဝေါတရားတို့၏ အကျိုးဟူသည် အဘယ်နည်း။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ နှင့် ပြည့်စုံသူသည် ကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း၊ အကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း ဖြစ်သော ထိုထို (အာသဝေါတရား) အားလျော်သော အတ္တဘောကို ဖြစ်စေ၏၊ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အကျိုးဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အာသဝေါတရားတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းမှုသည် အာသဝေါတရားတို့၏ ချုပ်ငြိမ်းမှုဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု။ပ။ မှန်ကန်စွာ တည်ကြည်မှုတို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ အာသဝေါတရားတို့ကို သိ၏၊ ဤသို့အာသဝေါတရားတို့၏ ဖြစ်ကြောင်းကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ အကျိုးကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါ ထိုအရိယာတပည့်သည် အာသဝေါတရားတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကို ဖောက်ခွဲနိုင်သောဤမြတ်သော အကျင့်ကို သိ၏။

“ရဟန်းတို့ အာသဝေါတရားတို့ကို သိအပ်ကုန်၏။ပ။ အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို သိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ဟောကြားအပ်သော စကားဖြစ်၏။ (၄)

“ရဟန်းတို့ ကံတို့ကို သိအပ်ကုန်၏။ပ။ ကံ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုသိအပ်၏”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်သနည်း။

ရဟန်းတို့စေ့ဆော်တိုက်တွန်း၍ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ (ကုသိုလ် အကုသိုလ်) ကံကို ပြုရကားစေတနာကို ကံဟူ၍ ငါဆို၏။

ရဟန်းတို့ ကံတို့၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’သည် ကံတို့၏ ဖြစ်ကြောင်းတည်း။

ရဟန်းတို့ ကံတို့၏ ထူးသော အဖြစ်သည် အဘယ်နည်း။

ရဟန်းတို့ ငရဲ၌ ခံစားအပ်သော အကျိုးရှိသော ကံသည် ရှိ၏၊ တိရစ္ဆာန်ဘုံ၌ ခံစားအပ်သောအကျိုးရှိသော ကံသည် ရှိ၏၊ ပြိတ္တာဘုံ၌ ခံစားအပ်သော အကျိုးရှိသော ကံသည် ရှိ၏၊ လူ့ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသော ကံသည် ရှိ၏၊ နတ်ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသော ကံသည်ရှိ၏၊ ရဟန်းတို့ ဤသည်ကို ကံတို့၏ ထူးသောအဖြစ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကံတို့၏ အကျိုးဟူသည် အဘယ်နည်း။

ရဟန်းတို့ ယခုဘဝ၌ ဖြစ်စေ ဒုတိယဘဝ၌ ဖြစ်စေ အခြားအလှည့်ကြုံရာ ဘဝ၌ ဖြစ်စေ (ခံစားအပ်သော) ကံတို့၏ အကျိုးကို သုံးမျိုးရှိဟု ငါဆို၏။

ရဟန်းတို့ ဤသည်ကို ကံတို့၏ အကျိုးဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကံတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းမှုသည် ကံတို့၏ ချုပ်ငြိမ်းမှုဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် ကံတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု။ပ။ မှန်ကန်စွာ တည်ကြည်မှုတို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ကံတို့ကို သိ၏၊ ဤသို့ ကံတို့၏ ဖြစ်ကြောင်းကိုသိ၏၊ ဤသို့ ကံတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ ကံတို့၏ အကျိုးကို သိ၏၊ ဤသို့ ကံတို့၏ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ ကံတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါထိုအရိယာတပည့်သည် ကံတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကို ဖောက်ခွဲနိုင်သော ဤမြတ် သောအကျင့်ကို သိ၏။

“ရဟန်းတို့ ကံတို့ကို သိအပ်ကုန်၏။ပ။ ကံတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုသိအပ်၏”ဟူ၍ ဟောကြားအပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကားဖြစ်၏။ (၅)

“ရဟန်းတို့ ဒုက္ခကို သိအပ်၏၊ ဒုက္ခ၏ ဖြစ်ကြောင်းကို သိအပ်၏၊ ဒုက္ခ၏ ထူးသောအဖြစ်ကိုသိအပ်၏၊ ဒုက္ခ၏ အကျိုးကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ရောက် ကြောင်း အကျင့်ကို သိအပ်၏”ဟု ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကို စွဲ၍ဟောကြား အပ်သော စကားဖြစ်သနည်း။

ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်းဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ ပူဆွေးရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်လည်း ဆင်းရဲကုန်၏၊ အလိုမပြည့်ခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် ‘ဥပါဒါနက္ခန္ဓာ’ ငါးပါးတို့သည် ဆင်းရဲကုန်၏။

ရဟန်းတို့ ဒုက္ခ၏ အကြောင်းဟူသည် အဘယ်နည်း။

ရဟန်းတို့ တပ်မက်မှု ‘တဏှာ’သည် ဒုက္ခ၏ အကြောင်းတည်း။

ရဟန်းတို့ ဒုက္ခ၏ ထူးသော အဖြစ်သည် အဘယ်နည်း။

ရဟန်းတို့ လွန်ကဲသော ဒုက္ခသည် ရှိ၏၊ အားနည်းသော ဒုက္ခသည် ရှိ၏၊ ဖြည်းဖြည်း ကင်းပျောက်သော ဒုက္ခသည် ရှိ၏၊ အဆောတလျင် ကင်းပျောက်သော ဒုက္ခသည် ရှိ၏၊ ရဟန်းတို့ဤသည်ကို ဒုက္ခ၏ ထူးသော အဖြစ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဒုက္ခ၏ အကျိုးဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အကြင်ဒုက္ခဖြင့် နှိပ်စက်အပ်သည် သိမ်းကျုံး ယူအပ် သောစိတ်ရှိသည်ဖြစ်၍ ပူဆွေးရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီးလက်ခတ် မြည်တမ်းရ၏၊ တွေဝေခြင်းသို့ ရောက်ရ၏၊ တစ်နည်းမူကား အကြင်ဒုက္ခဖြင့် နှိပ်စက်အပ်သည် သိမ်းကျုံးယူအပ်သော စိတ်ရှိသည်ဖြစ်၍ “အဘယ်သူသည် ဤဆင်းရဲ၏ ချုပ်ငြိမ်းရန် တစ်ပုဒ်ရှိ မန္တန်ကိုဖြစ်စေ နှစ်ပုဒ်ရှိမန္တန်ကိုဖြစ်စေ သိနိုင်အံ့နည်း”ဟု (သာသနာမှ) အပ၌ (သုခကို) ရှာမှီး၏၊ ရဟန်းတို့ ဒုက္ခကို ပြင်းစွာတွေဝေခြင်း အကျိုးရှိ၏ဟူ၍လည်းကောင်း၊ (ချမ်းသာအံ့နိုး) ရှာမှီးခြင်းအကျိုးရှိ၏ဟူ၍လည်းကောင်းငါဆို၏၊ ရဟန်းတို့ ဤသည်ကို ဒုက္ခ၏ အကျိုးဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဒုက္ခ၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ တဏှာချုပ်ငြိမ်းမှုသည် ဒုက္ခချုပ်ငြိမ်းမှု ဖြစ်၏။

မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည်သာလျှင် ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ဖြစ်၏။

ဤသည်ကား အဘယ်နည်း။

မှန်ကန်စွာ သိမြင်မှု။ပ။ မှန်ကန်စွာ တည်ကြည်မှုတို့တည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ဒုက္ခကို သိ၏၊ ဤသို့ ဒုက္ခ၏ဖြစ်ကြောင်းကိုသိ၏၊ ဤသို့ ဒုက္ခ၏ ထူးသောအဖြစ်ကို သိ၏၊ ဤသို့ ဒုက္ခ၏ အကျိုးကို သိ၏၊ ဤသို့ ဒုက္ခ၏ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါထိုအရိယာတပည့်သည် ဒုက္ခကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကို ဖောက်ခွဲနိုင်သော ဤမြတ်သောအကျင့်ကို သိ၏။

“ရဟန်းတို့ ဒုက္ခကို သိအပ်၏။ ဒုက္ခ၏ ဖြစ်ကြောင်းကို သိအပ်၏၊ ဒုက္ခ၏ ထူးသော အဖြစ်ကိုသိအပ်၏၊ ဒုက္ခ၏ အကျိုးကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းမှုကို သိအပ်၏၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ရောက် ကြောင်း အကျင့်ကို သိအပ်၏”ဟူ၍ ငါဟောကြားအပ်သော စကားသည် ဤသည်ကို စွဲ၍ဟောကြားအပ် သော စကားဖြစ်၏။ (၆)

ရဟန်းတို့ ကိလေသာကို ဖောက်ခွဲကြောင်း ‘နိဗ္ဗေဓိကပရိယာယ’ တရားဒေသနာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။