အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၁-သီတိဘာဝသုတ်

၈၅။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို နှိမ့်ချသင့်သောအခါ၌ စိတ်ကို မနှိမ့်ချ၊ စိတ်ကိုချီးမြှောက်သင့်သောအခါ၌ စိတ်ကို မချီးမြှောက်၊ စိတ်ကို ရွှင်စေသင့်သောအခါ၌ စိတ်ကို မရွှင်စေ၊ စိတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူမရှု၊ နှလုံးသွင်းလည်း ယုတ်ညံ့၏၊ (ခန္ဓာငါးပါး) သက္ကာယ၌လည်း မွေ့လျော်၏၊ ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မထိုက်တန်။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကိုမျက်မှောက်ပြုရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို နှိမ့်ချသင့်သောအခါ၌ စိတ်ကို နှိမ့်ချ၏၊ စိတ်ကိုချီးမြှောက်သင့်သောအခါ၌ စိတ်ကို ချီးမြှောက်၏၊ စိတ်ကို ရွှင်စေသင့်သောအခါ၌ စိတ်ကို ရွှင်စေ၏၊ စိတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူရှု၏၊ နှလုံးသွင်းလည်း မွန်မြတ်၏၊ နိဗ္ဗာန်၌လည်းမွေ့လျော်၏၊ ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။