အင်္ဂုတ္တရနိကာယ်
၁-ဓနဝဂ်
၁-ပဌမပိယသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟုခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
လာဘ်ကိုလည်း အလိုရှိ၏။
အရိုအသေပြုမှုကိုလည်း အလိုရှိ၏။
(မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုခြင်းကိုလည်း အလိုရှိ၏။
အရှက်လည်း မရှိ။
အကြောက်လည်း မရှိ။
ယုတ်မာသော အလိုဆိုးလည်း ရှိ၏။
မှားသော အယူလည်း ရှိ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
လာဘ်ကိုလည်း အလိုမရှိ။
အရိုအသေပြုမှုကိုလည်း အလိုမရှိ။
(မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင်မပြုခြင်းကိုလည်း အလိုမရှိ။
အရှက်လည်း ရှိ၏။
အကြောက်လည်း ရှိ၏။
အလိုနည်းမှုလည်း ရှိ၏။
မှန်ကန်သော အယူလည်း ရှိ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။