အင်္ဂုတ္တရနိကာယ်

၂-အနုသယဝဂ်

၅-ဥဒကူပမာသုတ်

၁၅။ ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် တစ်ကြိမ် နစ်မြုပ်သော် နစ်မြုပ်တော့သည်သာ ဖြစ်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတစ်ဖက်သို့ရောက်၏၊ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို အပပြုပြီးဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာဖြစ်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော အကုသိုလ်တရား တို့နှင့်ပြည့်စုံ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏၊ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏၊ ဝီရိယသည် ကောင်းမြတ်၏၊ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည်သာလျှင်တည်း။

ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည်သာလျှင်တည်း။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မဆုတ်ယုတ်၊ မတိုးပွါး၊ တည်၏။

ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မဆုတ်ယုတ်၊ မတိုးပွါး၊ (တည်မြဲတိုင်း) တည်တံ့၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှုသနည်း၊ ထိုမှဤမှ ကြည့်ရှုသနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်’အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးသနည်း။

ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂ ဒေါသမောဟတို့ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့လာ၍ ဝဋ်ဒုက္ခ၏ အဆုံးကို့ပြုသော သကဒါဂါမ် ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူး၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်း သံယောဇဉ်’အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌ သာလျှင်ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ ပြန်လည်ခြင်း သဘောမရှိသူ အနာဂါမ်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ထောက်တည်ရာသို့ ရောက်၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၍ မကောင်းမှုကို အပပြုပြီးသူ ဖြစ်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ တည်သူ မကောင်းမှုကို အပပြုပြီးသူ ဖြစ်၏။ (၇)

ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။