အင်္ဂုတ္တရနိကာယ်

၂-အနုသယဝဂ်

၉-နိဗ္ဗာနသုတ်

၁၉။ နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟုအမှတ်ရှိသည် သုခဟု ထင်စွာသိသည်ဖြစ်၍ အမြဲ မပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏၊ ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ပဌမ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟု အမှတ်ရှိသည် သုခဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏။

ထိုပုဂ္ဂိုလ်အား မရှေးမနှောင်း အာသဝေါတရားတို့ကုန်ခြင်းသည်လည်းကောင်း၊ အသက်ကုန်ခြင်းသည်လည်းကောင်း ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ဒုတိယပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟု အမှတ်ရှိသည် သုခဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသော စိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ပရိနိဗ္ဗာန်ပြုသော’အန္တရာပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အသက်အပိုင်းအခြားအလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှု မရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရ ပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အကနိဋ္ဌဘုံသို့ ရောက်၍အထက်မဂ်ကို ရထိုက်သော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမီ’ ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော သတ္တမပုဂ္ဂိုလ်တည်း။

ရဟန်းတို့ (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။