အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၂-ဝဿကာရသုတ်

၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော်ပြောဆိုလျက် ရှိ၏။

“ငါသည် ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေအံ့”ဟု (ပြောဆိုလျက်ရှိ၏)။

ထိုအခါ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားကို ခေါ်၍—

“ပုဏ္ဏား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်ရှိခိုးလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း၊ ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရ ကြောင်းများကို မေးလေလော့၊ ‘အသျှင်ဘုရား ဝေဒေဟီမိဖုရား၏သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကိုဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာ ကင်းကြောင်း၊ ရောဂါကင်းကြောင်း၊ ကျန်းမာကြောင်း၊ သန်စွမ်းကြောင်း၊ ချမ်းသာစွာ နေရကြောင်း များကို မေးလိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရားဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက် ရှိပါ၏၊ ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သောဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေအံ့ဟု (ပြောဆိုလျက်ရှိပါ၏)’ဟူ၍လည်း လျှောက်ထားလေလော့၊ မြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်းကောင်းစွာ မှတ်သား၍ ငါ့အား ပြန်ကြားလော့၊ မြတ်စွာဘုရားတို့ မည်သည် ချွတ်ယွင်းသော စကားကို့မိန့်ကြားတော် မမူကုန်”ဟု မိန့်ဆို၏။

“ကောင်းပါပြီ အရှင်”ဟု မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏား ဝေဒေဟီမိဖုရား၏သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ အသျှင်ဂေါတမဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက် ရှိပါ၏၊ ‘ငါသည် ဤသို့တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ရောက်စေအံ့’ဟု ပြောဆိုလျက်ရှိပါသည်”ဟု (လျှောက်၏)။

ထိုစဉ်အခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ နောက်၌ တည်ရှိနေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို—

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကြကုန်၏ လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးကြပါကုန်၏၊ အကြိမ်များစွာ စည်းဝေးကြပါကုန်၏”ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလ ပတ်လုံးဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

အာနန္ဒာ “ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှထကုန်၏လော၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးပါကုန်၏၊ အညီအညွတ် အစည်းအဝေးမှထပါကုန်၏၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ပါကုန်၏”ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၊ အညီအညွတ် အစည်းအဝေးမှ ထကုန်လျက်ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

အာနန္ဒာ “ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ပြီးသောအရာကို မပယ်ဖျက်ကြကုန်ဘဲ ရှိကုန်၏လော၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကိုလိုက်နာ၍ ကျင့်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ပါကုန်၊ ပညတ်ပြီးသော အရာ ကိုမပယ်ဖျက်ပါကုန်၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်ပါကုန်၏ဟုအကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကုန်မူ၍ ပညတ်ပြီးသော အရာကိုမပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေကြသမျှ့ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

အာနန္ဒာ “ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်းနာယူသင့် သည်ဟု မှတ်ထင်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုပါကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါကုန်၏၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟူ၍ ထင်ပါကုန်၏”ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန်မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

အာနန္ဒာ “ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ဘဲ ရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက်မသိမ်းပိုက်ပါကုန်”ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

အာနန္ဒာ “ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း ‘စေတီ’ တို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူ မြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေဘဲရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း ‘စေတီ’ တို့ကိုအရိုအသေပြုပါကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါကုန်၏၊ ထိုနတ်ကွန်းတို့အားလည်းရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေပါကုန်”ဟုအကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း ‘စေတီ’ တို့ကို အရိုအသေ ပြုကုန်အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူ မြဲပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်ကြစေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

အာနန္ဒာ “အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန် အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း”ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံစေမှုကို ကောင်းစွာစီမံပေးကုန် ၏လော၊ သင် အဘယ်သို့ ကြားရသနည်း”ဟု (မေးတော်မူ၏)။

အသျှင်ဘုရား “အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း”ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်ကြကုန်ပါ၏၊ လုံခြုံမှုကိုကောင်းစွာ စီမံပေးကြပါကုန်၏ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ “အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ့ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း”ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။ (၇)

ထိုအခါ၌ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားအား—

“ပုဏ္ဏား အခါတစ်ပါး၌ ငါသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ နေ၏၊ ပုဏ္ဏား ထိုအခါ ငါသည်ဝဇ္ဇီမင်းတို့အား ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ဟောခဲ့၏။

ပုဏ္ဏား ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌ တည်၍ဝဇ္ဇီမင်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ကို ကောင်းစွာ ကျင့်သုံးနေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ”ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ မဆုတ်ယုတ်ကြောင်းတရား တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပါ၏၊ ဆုတ်ယုတ်ရန်ကား မရှိပါ၊ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးလုံးတို့နှင့် ပြည့်စုံပါမူကားအဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ိံအသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းသည် ဖြားယောင်းမှုကို ဖြစ်စေ အချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေ မပြုမူ၍စစ်ထိုးကာမျှဖြင့် ဝဇ္ဇီတိုင်းကို သိမ်းပိုက်နိုင်ဖွယ် မရှိပါ။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ်ရှိပါကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏၊ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

ထိုအခါ မဂဓတိုင်းရှင် အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားကိုအလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးလျှင် နေရာမှ ထကာ ပြန်သွားလေ၏။

ဒုတိယသုတ်။