အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၄-ဒုတိယ သတ္တကသုတ်

၂၄။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

ရဟန်းတို့ ရဟန်းတို့သည် အမှုသစ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် စကားပြောဆိုခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှကာလပတ်လုံး။ပ။

အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး။ပ။

အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလ ပတ်လုံး။ပ။

(မရှိသောဂုဏ်ကို ဖော်ပြတတ်သော) အလိုဆိုးမှ ကင်းကုန်လျက် အလိုဆိုးတို့ ဆွဲဆောင်ရာသို့မလိုက်ကြသမျှ ကာလပတ်လုံး။ပ။

ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌ မကိုင်းညွတ်ကြသမျှ ကာလပတ်လုံး။ပ။

အနည်းငယ်သော တရားထူးကို ရကာမျှဖြင့် (အရဟတ္တဖိုလ်သို့ မရောက်မီ) လမ်းခုလတ်၌ ရပ်စဲ၍မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။