အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၅-တတိယ သတ္တကသုတ်

၂၅။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

ရဟန်းတို့ ရဟန်းတို့သည် ယုံကြည်မှု ‘သဒ္ဓါတရား’ နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့ အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် မကောင်းမှုမှ ရှက်မှု ‘ဟိရီ’ ရှိကြသမျှ ကာလပတ်လုံး။ပ။

မကောင်းမှုမှ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိကြသမျှ ကာလပတ်လုံး။ပ။

များသော အကြားအမြင် ‘ဗဟုသုတ’ ရှိကြသမျှ ကာလပတ်လုံး။ပ။

ထက်သန်သော လုံ့လရှိကြသမျှ ကာလပတ်လုံး။ပ။

အောက်မေ့မှု ‘သတိ’ နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး။

ရဟန်းတို့ ရဟန်းတို့သည် ဝိပဿနာပညာနှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။