အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၈-ပဌမ ပရိဟာနိသုတ်

၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏—

“ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ—

အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောဆိုခြင်း၌ မွေ့လျော်မှု၊ အိပ်စက်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ သံဃာ၌ ပြုဖွယ်ကိစ္စတို့ ရှိကြကုန်ရာ ထိုကိစ္စတို့၌ ထိုသေက္ခရဟန်းသည် ဤသို့ဆင်ခြင်၏၊ “ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော (သံဃာ့) ဝန်ကို ဆောင်ကုန်သောထေရ်ကြီးရဟန်းတို့သည် (မိမိတို့အားလျော်သော) ထိုကိစ္စဖြင့် ထင်ရှားကုန်လိမ့်မည် မဟုတ်”ဟုဆင်ခြင်၍ မိမိသည် ထိုထေရ်ကြီးရဟန်းတို့ ပြုအပ်သော ကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤပရိဟာနိယတရားခုနစ်ပါးတို့သည် သေက္ခရဟန်းတို့အား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ—

အမှုသစ်၌ မမွေ့လျော်မှု၊ စကားပြောဆိုခြင်း၌ မမွေ့လျော်မှု၊ အိပ်စက်ခြင်း၌ မမွေ့လျော်မှု၊ အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မမွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို သိမှု၊ သံဃာ၌ သံဃာ့ပြုဖွယ်ကိစ္စရှိကြကုန်ရာ ထိုကိစ္စတို့၌ ထိုသေက္ခရဟန်းသည့်ဤသို့ ဆင်ခြင်၏၊ “ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော (သံဃာ့) ဝန်ကို ဆောင်ကုန်သောထေရ်ကြီးရဟန်းတို့သည် (မိမိတို့အားလျော်သော) ထိုကိစ္စဖြင့် ထင်ရှားရှိကုန်လိမ့်မည်”ဟု ဆင်ခြင်၍မိမိသည် ထိုထေရ်ကြီးရဟန်းတို့ ပြုအပ်သော ကိစ္စတို့၌ အားထုတ်ခြင်းသို့ မရောက်။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။