အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၉-ဒုတိယ ပရိဟာနိသုတ်

၂၉။ ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ—

ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏။ သူတော်ကောင်းတရား ကြားနာမှုကို မေ့လျော့၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ မကြည်ညိုမှု များ၏၊ ချုပ်ချယ်လိုသော စိတ်ရှိလျက် အပေါက်အလမ်း ရှာလိုသည်ဖြစ်၍ တရားနာ၏၊ ဤသာသနာတော်မှ အပ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏၊ သာသနာတော်မှ အပဖြစ်သောထိုသူတို့၌လည်း ရှေးဦးအလှူကို ပြု၏။

ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ—

ရဟန်းတို့အား ဖူးမြော်မှုကို မဆုတ်ယုတ်စေ။ သူတော်ကောင်းတရား ကြားနာခြင်းကို မမေ့လျော့၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ ကြည်ညိုခြင်း များ၏၊ ချုပ်ချယ်လို စိတ်မရှိဘဲ အပေါက်အလမ်း မရှာမူ၍ တရားကို နာ၏၊ ဤသာသနာတော်မှ အပ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတော်၌ သာ ရှေးဦးအလှူကိုပြု၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရား ခုနစ်ပါးတို့သည် ဥပါသကာအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဤစကားကို မြတ်စွာဘုရားဟောကြားတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးလျှင် လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုမှတစ်ပါး ဤဂါထာကိုလည်း မိန့်တော်မူ၏—“အကြင်ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း ယုတ်စေ၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်။ ရဟန်းတို့၌ မကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ချုပ်ချယ်လို သောစိတ်ရှိသည်ဖြစ်၍လည်း သူတော်ကောင်းတရားကို ကြားနာရန် အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုသာသနာပ၌ပင်လျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော ဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ ဆုတ်ယုတ်၏။ အကြင် ဥပါသကာသည် ပွါးအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို မယုတ်စေ၊ ့အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း မယုတ်စေ၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏။ ထိုဥပါသကာအား ရဟန်းတို့၌ ကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ချုပ်ချယ်လိုသောစိတ်မရှိမူ၍လည်း သူတော်ကောင်းတရားကို ကြားနာရန်အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတွင်း၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော မဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်”။

နဝမသုတ်။