အင်္ဂုတ္တရနိကာယ်

၁-ဓနဝဂ်

၃-သံခိတ္တဗလသုတ်

၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်၊ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်၊ ရှက်မှု ‘ဟိရီ’ ဗိုလ်၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဗိုလ်၊ အောက်မေ့မှု ‘သတိ’ ဗိုလ်၊ တည်ကြည်မှု ‘သမာဓိ’ ဗိုလ်၊ သိမှု ‘ပညာ’ ဗိုလ်တို့တည်း။

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်၊ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်၊ ရှက်မှု, ကြောက်မှု ‘ဟိရီ, သြတ္တပ္ပ’ဟုဆိုအပ်သောဗိုလ်၊ အောက်မေ့မှု ‘သတိ’ ဗိုလ်၊ တည်ကြည်မှု ‘သမာဓိ’ ဗိုလ်၊ ခုနစ်ခုမြောက်ဖြစ်သောသိမှု ‘ပညာ’ ဗိုလ်တို့တည်း။ ထိုဗိုလ်ခုနစ်မျိုးတို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက်မွေး ရ၏၊ သင့်လျော်သောအကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်း ဆင်ခြင်နိုင်၏၊ ဝိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို ရှုနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော) စိတ်၏ (ဝတ္ထု အာရုံတို့မှ) လွတ်မြောက်မှုဖြစ်လေသတည်း။

တတိယသုတ်။