အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၃-အပ္ပမာဒဂါရဝသုတ်

၃၂။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ မမေ့မလျော့ခြင်း၌ ရိုသေမှု၊ အစေ့အစပ်ပြုခြင်း၌ ရိုသေမှုတို့ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။

ထိုအခါ ထိုနတ်သားသည် “ငါ၏ (စကားကို) မြတ်စွာဘုရား နှစ်သက် ‘လိုက်လျော’ တော်မူ၏”ဟု သိ၍မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သော် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏—

“ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏—

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ မမေ့မလျော့ခြင်း၌ ရိုသေမှု၊ အစေ့အစပ်ပြုခြင်း၌ ရိုသေမှုတို့ပါတည်း။

‘အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏’ဟု ထိုနတ်သားသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏”ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ မမေ့မလျော့ခြင်း၌ ရိုသေ၏၊ အစေ့ အစပ် ပြုမှု၌ ရိုသေ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။

ပဌမသုတ်။