အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၂-ဟိရီဂါရဝသုတ်

၃၃။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ (မကောင်းမှုမှ) ရှက်ခြင်း၌ ရိုသေမှု၊ (မကောင်းမှုမှ) ကြောက်ခြင်း၌ ရိုသေမှုတို့ပါ တည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟု လျှောက်၏။

ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏”ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ ဟိရီသြတ္တပ္ပနှင့် ပြည့်စုံ၏၊ တုပ်ဝပ်မှု အလေး အမြတ်ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။

ဒုတိယသုတ်။