အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၃-ပဌမ သောဝစဿတာသုတ်

၃၄။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည်။ပ။ ငါ့အား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ ဆုံးမလွယ်သော စကားရှိမှု၊ အဆွေခင်ပွန်းကောင်း ရှိမှုတို့ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟု (လျှောက်၏)၊ ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ အဆွေခင်ပွန်းကောင်း ရှိ၏၊ ဆုံးမလွယ်သော စကားရှိ၏၊ တုပ်ဝပ်မှု အလေးအမြတ် ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည်သာလျှင် ဖြစ်၏။

တတိယသုတ်။