အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၈-ဒုတိယ ပဋိသမ္ဘိဒါသုတ်

၃၉။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ပဋိသမ္ဘိဒါလေးပါးတို့ကိုကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် “ဤသည်ကား ငါ့စိတ်၏ တွန့်တိုမှုတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

မိမိသန္တာန်၌ ကျုံ ့သော စိတ်ကို “ငါ၏ သန္တာန်၌ စိတ်သည် ကျုံ ့၏”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

အပအာရုံ၌ ပျံ့လွင့်သော စိတ်ကိုလည်း “ငါ၏ စိတ်သည် အပအာရုံ၌ ပျံ့လွင့်၏”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ထိုသာရိပုတြာအား ထင်ရှားသော ခံစားမှု ‘ဝေဒနာ’ တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည် ထင်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော မှတ်သားမှု ‘သညာ’ တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော သညာတို့သည် ထင်ကုန်၏၊ ထင်ရှားသော သညာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော ကြံစည်မှု ‘ဝိတက်’ တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ထင်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

လျောက်ပတ်သည်, မလျောက်ပတ်သည်ဟု ဆိုအပ်ကုန်သော၊ အယုတ်, အမြတ်ဖြစ်ကုန်သော၊ မည်းညစ်သော အကုသိုလ်အဖို့, ဖြူစင်သော ကုသိုလ်အဖို့ရှိကုန်သော တရားတို့၌ ထိုသာရိပုတြာသည်နိမိတ်ကို ကောင်းစွာ ယူ၏၊ ကောင်းစွာ နှလုံးသွင်း၏၊ ကောင်းစွာ မှတ်၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ပဋိသမ္ဘိဒါလေးပါးတို့ကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။