အင်္ဂုတ္တရနိကာယ်

၁-ဓနဝဂ်

၄-ဝိတ္ထတဗလသုတ်

၄။ ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်၊ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်၊ ရှက်မှု ‘ဟိရီ’ ဗိုလ်၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဗိုလ်၊ အောက်မေ့မှု ‘သတိ’ ဗိုလ်၊ တည်ကြည်မှု ‘သမာဓိ’ ဗိုလ်၊ သိမှု ‘ပညာ’ ဗိုလ်တို့တည်း။

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

ရဟန်းတို့ ဤသည်ကို ဝီရိယဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရှက်မှု ‘ဟိရီ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ဝစီဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ရောက်ခြင်းမှ ရှက်တတ်၏။

ရဟန်းတို့ ဤသည်ကို ဟိရီဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊ ကာယဒုစရိုက်မှကြောက်လန့်၏၊ ဝစီဒုရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက်လန့်၏၊ ယုတ်ညံ့သောအကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။

ရဟန်းတို့ ဤသည်ကို သြတ္တပ္ပဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အောက်မေ့မှု ‘သတိ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိရှိ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောဆိုခဲ့သည်ကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။

ရဟန်းတို့ ဤသည်ကို သတိဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ ဤသည်ကို သမာဓိဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု ‘ပညာ’ ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိတတ်၍ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသည်ကို ပညာဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု ‘သဒ္ဓါ’ ဗိုလ်၊ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်၊ ရှက်မှု, ကြောက်လန့်မှု ‘ဟိရီ, သြတ္တပ္ပ’ဗိုလ်၊ ့အောက်မေ့မှု ‘သတိ’ ဗိုလ်၊ တည်ကြည်မှု ‘သမာဓိ’ ဗိုလ်၊ ခုနစ်ခု မြောက်ဖြစ်သော ပညာဗိုလ်တို့တည်း။ ထိုခုနစ်ပါးသော ဗိုလ်တို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက်မွေးရ၏၊ သင့်လျော်သော အကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်းဆင်ခြင်နိုင်၏၊ ဝိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို သိနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော) စိတ်၏ (ဝတ္ထု အာရုံတို့မှ) လွတ်မြောက်မှု ဖြစ်လေသတည်း။

စတုတ္ထသုတ်။