အင်္ဂုတ္တရနိကာယ်

၅-မဟာယညဝဂ်

၁-သတ္တဝိညာဏဋ္ဌိတိသုတ်

၄၄။ ရဟန်းတို့ (ပဋိသန္ဓေ) ဝိညာဏ်၏ တည်ရာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ အချို့သောနတ် အချို့သော ဝိနိပါတိကနှင့် လူတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ပဌမဝိညာဏ်၏တည်ရာပေတည်း။

ရဟန်းတို့ ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ဒုတိယဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ အာဘဿရဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား တတိယဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား စတုတ္ထဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့၏ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ပဉ္စမဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ဆဋ္ဌဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ဝိညာဏဉ္စာယတနဘုံကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနာဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား သတ္တမဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ဤသည်တို့ကား ဝိညာဏ်၏တည်ရာ ခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။