အင်္ဂုတ္တရနိကာယ်
၅-မဟာယညဝဂ်
၂-သမာဓိပရိက္ခာရသုတ်
၄၅။ ရဟန်းတို့ (မဂ်) သမာဓိ၏ အဆောက်အဦဖြစ်ကုန်သော တရားတို့သည် ဤခုနစ်မျိုးတို့ တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
မှန်ကန်စွာ သိမြင်မှု ‘သမ္မာဒိဋ္ဌိ’။
မှန်ကန်စွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’။
မှန်ကန်စွာ ပြောဆိုမှု ‘သမ္မာဝါစာ’။
မှန်ကန်စွာ ပြုလုပ်မှု ‘သမ္မာကမ္မန္တ’။
မှန်ကန်စွာ အသက်မွေးမှု ‘သမ္မာအာဇီဝ’။
မှန်ကန်စွာ အားထုတ်မှု ‘သမ္မာဝါယာမ’။
မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’တို့တည်း။
ရဟန်းတို့ ဤခုနစ်မျိုးသော အင်္ဂါတို့ဖြင့် ခြံရံအပ်သောစိတ်၏ တည်ကြည်မှု ‘ဧကဂ္ဂတာ’ ကို”အကြောင်းနှင့်တကွ ဖြစ်သော မြတ်သော သမာဓိ”ဟူ၍လည်းကောင်း၊ “အဆောက်အဦနှင့်တကွဖြစ်သော မြတ်သော သမာဓိ”ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။