အင်္ဂုတ္တရနိကာယ်

၅-မဟာယညဝဂ်

၄-ဒုတိယ အဂ္ဂိသုတ်

၄၇။ ထိုအခါ၌ ဥဂ္ဂတသရီရပုဏ္ဏားသည် ယဇ်ပူဇော်ပွဲကြီးကို စီရင်ထား၏၊ နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာ သိုးငါးရာ ယဇ်ပူဇော်ရန် ယဇ်တိုင်သို့ ဆောင်ထား၏။

ထိုအခါ ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —

အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား ၏ဟုအကျွန်ုပ် ကြားဖူးပါသည်ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏ဟု ကြားဖူး၏ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည်။ပ။ သုံးကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား —

“အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏”ဟု အကျွန်ုပ် ကြားဖူးပါသည်ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း “(မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏”ဟု ကြားဖူး၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဂေါတမ၏လည်းကောင်း၊ အကျွန်ုပ်တို့၏လည်းကောင်း ကြားဖူးသော အရာသည် အချင်းခပ်သိမ်း တူညီလှပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် ဥဂ္ဂတသရီရမည်သော ပုဏ္ဏားအား “ပုဏ္ဏားမြတ်စွာဘုရားတို့ကို အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား၏ဟု အကျွန်ုပ် ကြားဖူးပါသည်”ဟု ဤသို့ မမေးအပ်ကုန်။

ပုဏ္ဏား ဤသို့မူကား မြတ်စွာဘုရားတို့ကို မေးလျှောက်အပ်ကုန်၏ —

“အသျှင်ဘုရား အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန် ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ဆုံးမတော်မူပါ”ဟု ဤသို့မူကား မေးလျှောက်အပ်ကုန်၏ဟု (မိန့်ဆို၏)။

ထိုအခါ ဥဂ္ဂတသရီရပုဏ္ဏားသည် မြတ်စွာဘုရားအား —

“အသျှင်ဂေါတမ အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဂေါတမသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန်ဖြစ်နိုင်ရာသောသွန်သင်ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ဆုံးမတော်မူပါ”ဟု လျှောက်၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ်ကုန်သော ဆင်းရဲကျိုးရှိကုန်သော လက်နက်သုံးမျိုးတို့ကိုစိုက်ထူသည် မည်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

ကာယကံလက်နက်၊ ဝစီကံလက်နက်၊ မနောကံလက်နက်တို့တည်း။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ဤသို့စိတ်ကို ဖြစ်စေ၏ —

“ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန်ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သောနွားမငယ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော သိုးတို့ကို သတ်အပ်သည်ဖြစ်စေကုန်”ဟု (စိတ်ကိုဖြစ်စေ၏)။

ထိုပုဂ္ဂိုလ်သည် “ကောင်းမှုကို ပြုအံ့”ဟူ၍ မကောင်းမှုကို ပြု၏၊ “ကုသိုလ်ကို ပြုအံ့”ဟူ၍အကုသိုလ်ကို ပြု၏၊ “ကောင်းသောလားရာ ‘သုဂတိ’ ဘုံ၏ လမ်းခရီးကို ရှာအံ့”ဟူ၍ မကောင်းသောလားရာ ‘ဒုဂ္ဂတိ’ ဘုံ၏ လမ်းခရီးကို ရှာမှီး၏၊ ပုဏ္ဏား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသောပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤပဌမမနောကံလက်နက်ကို စိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန်ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားမငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန်လော့”ဟု ဤသို့သော စကားကိုပြောဆို၏။

ထိုပုဂ္ဂိုလ်သည် “ကောင်းမှုကို ပြုအံ့”ဟူ၍ မကောင်းမှုကို ပြု၏၊ “ကုသိုလ်ကို ပြုအံ့”ဟူ၍အကုသိုလ်ကို ပြု၏၊ “ကောင်းသောလားရာ ‘သုဂတိ’ ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့”ဟူ၍ မကောင်းသောလားရာ ‘ဒုဂ္ဂတိ’ ဘုံ၏ လမ်းခရီးကို ရှာမှီး၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤဒုတိယ ဝစီကံလက်နက်ကိုစိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည်ယဇ်မပူဇော်မီကပင် ယဇ်အလို့ငှါ နွားလားတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားငယ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားမငယ်တို့ကိုသတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ ဆိတ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာအားထုတ်၏၊ ယဇ်အလို့ငှါ သိုးတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏။

ထိုပုဂ္ဂိုလ်သည် “ကောင်းမှုကို ပြုအံ့”ဟူ၍ မကောင်းမှုကို ပြု၏၊ “ကုသိုလ်ကို ပြုအံ့”ဟူ၍အကုသိုလ်ကို ပြု၏၊ “ကောင်းသောလားရာ ‘သုဂတိ’ ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့”ဟူ၍ မကောင်းသောလားရာ ‘ဒုဂ္ဂတိ’ ဘုံ၏ လမ်းခရီးကို ရှာမှီး၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤတတိယကာယကံလက်နက်ကိုစိုက်ထူ၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ်ကုန်သော ဆင်းရဲကျိုးရှိကုန်သော ဤလက်နက်သုံးမျိုးတို့ကို စိုက်ထူ၏။

ပုဏ္ဏား ဤမီးသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

အဘယ်သုံးမျိုးတို့နည်းဟူမူ —

စွဲမက်မှု ‘ရာဂ’ မီး၊ အမျက်ထွက်မှု ‘ဒေါသ’ မီး၊ တွေဝေမှု ‘မောဟ’ မီးတို့တည်း။

ပုဏ္ဏား အဘယ့်ကြောင့် ဤစွဲမက်မှု ‘ရာဂ’ မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား စွဲမက်သူသည် စွဲမက်မှု ‘ရာဂ’နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ကာယ ဒုစရိုက်ကိုပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီ ဒုစရိုက်ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤစွဲမက်မှု ‘ရာဂ’ မီးကိုပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ပုဏ္ဏား အဘယ့်ကြောင့် ဤအမျက်ထွက်မှု ‘ဒေါသ’ မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား အမျက်ထွက်သူသည် အမျက်ထွက်မှု ‘ဒေါသ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ကာယဒုစရိုက်ကို ပြု၏။ပ။ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက် ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤအမျက်ထွက်မှု’ဒေါသ’ မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ပုဏ္ဏား အဘယ့်ကြောင့် ဤတွေဝေမှု ‘မောဟ’ မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား တွေဝေသူသည် တွေဝေမှု ‘မောဟ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ကာယဒုစရိုက်ကို ပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက်ကို ပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤတွေဝေမှု ‘မောဟ’မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ဤမီးသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

ပုဏ္ဏား မီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာဆောင်အပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

အပူဇော်ခံမီး၊ အိမ်ရှင်မီး၊ အလှူခံမီးတို့တည်း။

ပုဏ္ဏား အပူဇော်ခံမီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ အမိအဖကို သားသမီး၏ အပူဇော်ခံမီးဟု ဆိုအပ်၏။

ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း။

ပုဏ္ဏား ဤအမိအဖမှ ဤသားသမီးသည် ဖြစ်လာ၏၊ ထို့ကြောင့် ဤအမိအဖကို အပူဇော်ခံမီးဟူ၍ဆိုအပ်၏။

ထို့ကြောင့် ဤအပူဇော်ခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့်ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အိမ်ရှင်မီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ (အိမ့်ရှင်) ယောကျာ်းကို သား သမီး မယား ကျွန် အစေခံ အမှုလုပ်အပေါင်း၏အိမ်ရှင်မီးဟူ၍ ဆိုအပ်၏၊ ထို့ကြောင့် ဤအိမ်ရှင်မီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာအသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အလှူခံမီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ (မိစ္ဆာဒိဋ္ဌိတည်းဟူသော) သူတစ်ပါးအယူမှ ရှောင်ကြဉ်ကုန်သော၊ သည်းခံခြင်းကောင်းမှုဝယ် မွေ့လျော်ခြင်း၌ တည်ကုန်သော သမဏဗြာဟ္မဏတို့သည် တစ်ခုတည်းသော စိတ်ကို ဆုံးမကုန်၏၊ တစ်ခုတည်းသော စိတ်ကို (ရာဂစသည်တို့မှ) ငြိမ်းစေကုန်၏၊ တစ်ခုတည်းသော စိတ်ကို (ရာဂစသည်မှ) ငြိမ်းချမ်းစေကုန်၏၊ ပုဏ္ဏား ဤသမဏဗြာဟ္မဏကို အလှူခံမီးဟူ၍ ဆိုအပ်၏။

ထို့ကြောင့် အလှူခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာဆောင်အပ်၏။

ပုဏ္ဏား ဤမီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့်ချမ်းသာစွာ ဆောင်အပ်ကုန်၏။

ပုဏ္ဏား ဤထင်းမီးကိုမူကား ရံဖန်ရံခါ တောက်စေအပ်၏၊ ရံဖန်ရံခါ လျစ်လျူရှုအပ်၏၊ ရံဖန်ရံခါငြိမ်းစေအပ်၏၊ ရံဖန်ရံခါ (မငြိမ်းစေဘဲ) ထားအပ်၏ဟု (ဟောတော်မူ၏)။

ဤသို့ ဟောတော်မူသည်ရှိသော် ဥဂ္ဂတသရီရ အမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သူ ‘ဥပါသကာ’ဟု မှတ်တော်မူပါ”ဟုလျှောက်၏။

အသျှင်ဂေါတမ အကျွန်ုပ်သည် နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာသိုးငါးရာတို့ကို လွှတ်ပါ၏၊ အသက်ကို ပေးလှူပါ၏၊ စိမ်းသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ အေးချမ်းစွာ တိုက်ခတ်သော လေသည်လည်း ထိုနွားတို့အားတိုက်ခတ်ပါစေသတည်းဟု (လျှောက်၏)။

စတုတ္ထသုတ်။