အင်္ဂုတ္တရနိကာယ်

၅-မဟာယညဝဂ်

၆-ဒုတိယသညာသုတ်

၄၉။ ရဟန်းတို့ ဤမှတ်သားမှု ‘သညာ’ ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၊ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’၊ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေပဋိကူလသညာ’၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟုမှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၊ မမြဲဟူ၍ မှတ်သားမှု ‘အနိစ္စသညာ’၊ မမြဲမှု၌ ဆင်းရဲဟုမှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’၊ ဆင်းရဲခြင်း၌ အစိုးမရအနတ္တဟု မှတ်သားမှု’ဒုက္ခေအနတ္တသညာ’ တို့တည်း။

ရဟန်းတို့ ဤမှတ်သားမှု ‘သညာ’ ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည် ရှိသော်အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာ ရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

“ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏”ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏၊ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန် များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည်တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်း၌ စိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ့်မရွံရှာခြင်းသည် အကယ်၍ တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် —

“ငါသည် အသုဘသညာကို မပွါးများရသေး၊ ငါ့အား (အသုဘသညာ) မပွါးများမီ ရှေးနှင့်ပွါးများပြီးနောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာအားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ်ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း ကောင်းစွာ တည်ခဲ့မူရဟန်းတို့ ရဟန်းသည် —

“ငါသည် မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက်ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ ရောက်ပြီ”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိပြီး ဖြစ်၏။

ရဟန်းတို့ အသုဘသညာကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကိုဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၁)

“ရဟန်းတို့ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သောထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှု စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏၊ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှုမှစိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’ ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အသက်ရှင်ခြင်း၌ နှစ်သက်မှုစိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ် မရွံရှာခြင်းသည်အကယ်၍ တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် —

“ငါသည် သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’ ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှုမရှိ၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိအပ်၏။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှုမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ် ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း ကောင်းစွာ တည်ခဲ့မူရဟန်းတို့ ရဟန်းသည် —

“ငါသည် သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’ ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှုရှိ၏၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ ရောက်အပ်ပြီ”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိပြီးဖြစ်၏။

“ရဟန်းတို့ မရဏသညာကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကိုဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၂)

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’၌ လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှုမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’၌ လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အရသာ၌ တပ်မက်မှုမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’ ကို လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှု စိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ် မရွံရှာခြင်းသည် တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် “ငါသည် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟုမှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’ ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’၌ လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှုမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူဆုတ်နစ်ခဲ့မူ မပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်းကောင်းစွာ တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’ ကို ပွါးပြီးဖြစ်၏၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ”ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေ ပဋိကူလသညာ’ ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၃)

“ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’ ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်တွန့်၏။ပ။ ရဟန်းတို့ ဥပမာသော်ကား။ပ။ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်း့တို့ ဤအတူသာလျှင် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်အကယ်၍ ဖြစ်ခဲ့မူ မစက်ဆုပ် မရွံရှာခြင်းသည် တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’ကိုမပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်အကယ်၍ တွန့်ခဲ့မူ။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်းကောင်းစွာ တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်အပ်ပြီ”ဟုဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’ ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၄)

“ရဟန်းတို့ မမြဲဟု မှတ်သားမှု’အနိစ္စသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သောထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ မမြဲဟု မှတ်သားမှု ‘အနိစ္စသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစော၌ စိတ်သည် တွန့်၏။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် မမြဲဟု မှတ်သားမှု’အနိစ္စသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစောမှ စိတ်သည် တွန့်၏။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ မမြဲဟု မှတ်သားမှု’အနိစ္စသညာ’ ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစော၌ စိတ်သည် အကယ်၍ ဖြစ်ခဲ့မူ မစက်ဆုပ် မရွံရှာခြင်းသည် တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် မမြဲဟု မှတ်သားမှု’အနိစ္စသညာ’ ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ မမြဲဟု မှတ်သားမှု’အနိစ္စသညာ’၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစောမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ်ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်ခဲ့မူ ရဟန်းတို့ရဟန်းသည် —

“ငါသည် မမြဲဟု မှတ်သားမှု’အနိစ္စသညာ’ ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ မမြဲဟု မှတ်သားမှု’အနိစ္စသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု ဟောကြားအပ်သောထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၅)

“ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟုဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောကျာ်း၌ ပြင်းထန်အားကြီးသော ဘေးဟူသောသညာသည် ရှေးရှုတည်သကဲ့သို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’ ကို လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှုမဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟုရှုသော သညာသည် ရှေးရှုတည်၏။

ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟုရှုသော သညာသည် အကယ်၍ ရှေးရှုမတည်ခဲ့မူ ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောကျာ်း၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် ရှေးရှုတည်သကဲ့သို့ ဘေးဟူသော သညာသည် ရှေးရှုမတည်၊ ရဟန်းတို့ ရဟန်းသည် —

“ငါသည် မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’ ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက်ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”ဟူသော သဘောကို သိအပ်၏။ ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောကျာ်း၌ ပြင်းထန်အားကြီးသော ဘေးဟူသောသညာသည် ရှေးရှုတည်သကဲ့သို့ ဘေးဟုရှုသော သညာသည် အကယ်၍ တည်ခဲ့မူ၊ မမြဲမှု၌ ဆင်းရဲဟုမှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန် များစွာနေသော ရဟန်းအား ပျင်းရိမှုပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် တည်၏၊ ရဟန်းတို့ ရဟန်းသည် —

“ငါသည် မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေ ဒုက္ခသညာ’ ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့် နောက်ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ”ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု ‘အနိစ္စေ ဒုက္ခသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟုဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၆)

“ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေအနတ္တသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင့်အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်အရာကို စွဲ၍ ဟောကြားအပ်သနည်း။

“ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေအနတ္တသညာ’ ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သောအလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု ‘ဒိဋ္ဌိ’၊ ငါ၏ ဥစ္စာဟူသောအခြင်းအရာဖြင့် စွဲလမ်းမှု ‘တဏှာ’နှင့် ထောင်လွှားမှု ‘မာန’ မှ ကင်းသော စိတ်ဖြစ်၏၊ မာနသုံးပါးကိုကောင်းစွာ လွန်၏၊ ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်း၏၊ ကောင်းစွာ လွတ်မြောက်၏။

ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု’ဒုက္ခေအနတ္တသညာ’ ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု ‘ဒိဋ္ဌိ’၊ ငါ၏ ဥစ္စာဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု ‘တဏှာ’နှင့် ထောင်လွှားမှု ‘မာန’ မှ ကင်းသော စိတ်သည် မာနသုံးပါးကို ကောင်းစွာလွန်သည်၊ ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်းသည်၊ ကောင်းစွာ လွတ်မြောက်သည် အကယ်၍မဖြစ်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေအနတ္တသညာ’ကို မပွါးများရသေး၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှုမရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေအနတ္တသညာ’ ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု ‘ဒိဋ္ဌိ’၊ ငါ၏ ဥစ္စာဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု ‘တဏှာ’နှင့် ထောင်လွှားမှု ‘မာန’ မှ ကင်းသော စိတ်သည် မာနသုံးပါးကိုကောင်းစွာ လွန်သည် ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်းသည် ကောင်းစွာ လွတ်မြောက်သည်အကယ်၍ ဖြစ်ခဲ့မူ ရဟန်းတို့ ရဟန်းသည် —

“ငါသည် ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေ အနတ္တသညာ’ ကို ပွါးပြီးဖြစ်၏၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ”ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

“ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေ အနတ္တသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏”ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၇)

ရဟန်းတို့ ဤသညာ ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏”ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။