အင်္ဂုတ္တရနိကာယ်

၅-မဟာယညဝဂ်

၇-မေထုနသုတ်

၅ဝ။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —

“အသျှင်ဂေါတမသည်လည်း မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသည် မဟုတ်ပါလော”ဟု လျှောက်၏။

ပုဏ္ဏား “မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏”ဟူသော စကားကို ကောင်းစွာ ပြောဆိုလိုသောသူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏။

“ပုဏ္ဏား ထိုစကားဟုတ်မှန်၏၊ ငါသည် မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံ စင်ကြယ်စွာမြတ်သော အကျင့်ကို ကျင့်၏”ဟု (မိန့်တော်မူ၏)။

“အသျှင်ဂေါတမ အဘယ်သို့လျှင် မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုသည်ဖြစ်ပါသနည်း”ဟု (လျှောက်၏)။

ပုဏ္ဏား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သော အကျင့်ကို ကောင်းစွာကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ ပြုကျင့်အပ်သောမေထုန်အကျင့်သို့ကား မရောက်၊ စင်စစ်မူကား မာတုဂါမ၏ (နံ့သာစသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကို သာယာ၏၊ ထိုသမဏဗြာဟ္မဏသည် ထိုမာတုဂါမ၏နံ့သာစသည်ဖြင့် ပွတ်သပ်မှုစသည်ကို နှစ်သက်၏၊ ထိုနံ့သာပွတ်သပ်မှုစသည်ကို အလိုရှိ၏၊ ထိုသို့ပြုမှုဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤသို့သာယာခြင်းသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင်မည်၏။

ပုဏ္ဏား ဤသမဏဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်းနှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူဟူ၍ ငါဆို၏။ (၁)

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ပြုကျင့်အပ်သော မေထုန်အကျင့်သို့ မရောက်၊ မာတုဂါမ၏ (နံ့သာစသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကိုလည်း မသာယာ၊ စင်စစ်မူကား မာတုဂါမနှင့် အတူ စကားပြောဆို၏၊ ပြက်ရယ်ပြု၏၊ ပြင်းစွာရယ်၏။ပ။

မာတုဂါမနှင့်အတူ စကားမပြောဆို ပြက်ရယ်မပြု ပြင်းစွာမရယ်၊ စင်စစ်မူကား မာတုဂါမ၏ မျက်စိကိုမိမိမျက်စိဖြင့် တစိမ့်စိမ့်ကြည့်၏၊ ရှု၏။ပ။

မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့် မကြည့်ရှု၊ စင်စစ်မူကား နံရံတစ်ဖက်၌ ဖြစ်စေတံတိုင်းတစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကိုနားထောင်၏။ပ။

နံရံတစ်ဖက်၌ ဖြစ်စေ တံတိုင်း တစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေး သူမာတုဂါမ၏ အသံကို နားမထောင်။ စင်စစ်မူကား ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့် အတူရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကို အဖန်ဖန်အောက်မေ့၏။ပ။

ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကိုအဖန်ဖန် မအောက်မေ့၊ စင်စစ်မူကား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါးနေသောသူကြွယ်ကို ဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မြင်၏။ပ။

ထိုသမဏ ဗြာဟ္မဏအား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါးနေသောသူကြွယ်ကိုဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မမြင်၊ စင်စစ်မူကား ငါသည် ဤသီလဖြင့်သော်လည်းကောင်း၊ ကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ခြိုးခြံမှုဖြင့်သော်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်းနတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏ဟု တစ်ပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏။

ထိုသမဏ ဗြာဟ္မဏသည် ထိုနတ်၏ အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏အဖြစ်၌ သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤသို့ သာယာမှုသည်လည်း မြတ်သော အကျင့်၏ ကျိုး မှု ပေါက်မှု ပြောက် မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏ ဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သောမြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်းဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူဟူ၍ ငါဆို၏။ (၂—၇)

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကိုမိမိ၌ မပယ်အပ်သေးသည်ကို မြင်နေသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွ သော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ အတုမရှိသောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်မခံခဲ့ပေ။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကိုမူလည်း မိမိ၌ မပယ်အပ်သေးသည်ကို မမြင်သောအခါ၌ မူကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိ သောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်ခံ၏။

သတ္တဝါဟူသော လောက၌ အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိပြီဟူ၍ ဝန်ခံ၏၊ ငါ၏လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤဘဝသည်နောက်ဆုံး ဘဝပင်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ် အမြင်သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား—

“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု လျှောက်၏။

သတ္တမသုတ်။