အင်္ဂုတ္တရနိကာယ်

၅-မဟာယညဝဂ်

၉-ဒါနမဟပ္ဖလသုတ်

၅၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို ့ ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ စမ္ပာမြို ့သား များစွာသော ဥပါသကာတို့သည် အသျှင်သာရိပုတြာ ထံသို့ချဉ်းကပ်ကြကုန်၍ အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်ပြီးသော် အသျှင်သာရိပုတြာအား —

“အသျှင်ဘုရား အကျွန်ုပ်တို့သည် ကာလကြာမြင့်စွာက မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို ကြားနာအပ်ပါ၏၊ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားမျက်မှောက်တော်မှ တရားစကားကို ကြားနာခြင်းငှါ ရလိုပါကုန်၏”ဟု လျှောက်ကြကုန်၏။

ဒါယကာတို့သို့ဖြစ်လျှင် ထိုဥပုသ်နေ့၌ မြတ်စွာဘုရား မျက်မှောက်တော်မှ တရားစကားကို ကြားနာရန်လာကြကုန်လော့ဟု (မိန့်ဆို၏)။

စမ္ပာမြို ့သား ဥပါသကာတို့သည် အသျှင်သာရိပုတြာအား “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပြန်ကြားလျှောက်ထားပြီးလျှင် အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုး၍ နေရာမှထကာ အရိုအသေပြုလျက်ဖဲသွားကြကုန်၏။

ထိုအခါ စမ္ပာမြို့သား ဥပါသကာတို့သည် ထိုဥပုသ်နေ့၌ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်နေကြကုန်၏။ ထိုအခါအသျှင်သာရိပုတြာသည် ထိုစမ္ပာမြို့သား ဥပါသကာတို့နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား —

အသျှင်ဘုရား ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ပါသလော။

အသျှင်ဘုရား ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု ဖြစ်နိုင်ပါသလောဟု လျှောက်၏။

သာရိပုတြာ ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်။

သာရိပုတြာ ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

အသျှင်ဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ငဲ့ကွက်မှုရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကိုငဲ့ကွက်လျက် အလှူကို ပေးလှူ၏၊ “ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်”ဟု အလှူကိုပေးလှူ၏၊ ထိုပုဂ္ဂိုလ်သည် သမဏအား ဖြစ်စေ ဗြာဟ္မဏအား ဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ်ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး (ဟုဆိုအပ်သော) အလှူကို ပေးလှူ၏၊ သာရိပုတြာထိုအရာကို သင်မည်သို့ အောက်မေ့သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော အလှူကို ပေးလှူရာအံ့လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ပေးလှူရာပါ၏။

သာရိပုတြာ ထိုသို့ ပေးလှူရာ၌ အကြင်ပုဂ္ဂိုလ်သည် ငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့သော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို ငဲ့ကွက်သော စိတ်ရှိသည် ဖြစ်၍အလှူကို ပေးလှူ၏၊ “ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်”ဟု အလှူကို ပေးလှူ၏၊ ထိုပုဂ္ဂိုလ်သည် ထိုအလှူကို ပေးလှူပြီးလျှင် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည်ထိုကုသိုလ်ကံကို ထိုတန်ခိုးကို ထိုအခြံအရံနှင့် ပြည့်စုံမှုကို ထိုအစိုးရမှုကိုကုန်စေ၍ ဤလူ့ဘုံသို့ရောက်လျက် အောက်ဘုံသို့ ဆင်းရ၏။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်ကား အလှူကို မငဲ့ကွက်မူ၍ ပေးလှူ၏၊ မနှောင်မဖွဲ့မူ၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို မငဲ့ကွက်မူ၍ အလှူကို ပေးလှူ၏၊ “ဤအလှူ၏ အကျိုးကိုတမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်”ဟု အလှူကို မပေးလှူ၊ စင်စစ်မူကား “အလှူပေးခြင်းသည် ကောင်းမွန်လှ၏”ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။ပ။

“အလှူပေးခြင်းသည် ကောင်းမွန်လှ၏”ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား “အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ်အဆက်ကို ယုတ်လျော့စေခြင်းငှါ မထိုက်”ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။ပ။

“အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ်အဆက်ကို ယုတ်လျော့စေရန် မထိုက်”ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား”ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည်မချက်ပြုတ် သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်”ဟု နှလုံးသွင်း၍အလှူကို ပေးလှူ၏။ပ။

“ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည်မချက်ပြုတ်သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်”ဟု နှလုံးသွင်း၍အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား “ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ကဿပရသေ့ ဘဂုရသေ့ တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်မှုတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူငါ၏ ဤလှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်”ဟု အလှူကို ပေးလှူ၏။ပ။

“ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်မှုတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူ ငါ၏ ဤလှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်”ဟု အလှူကိုပေးလှူသည် မဟုတ်၊ စင်စစ်မူကား ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏”ဟု အလှူကို ပေးလှူ၏။ပ။

“ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏”ဟုအလှူကို ပေးလှူသည်မဟုတ်၊ စင်စစ်မူကား (သမထ, ဝိပဿနာ) စိတ်၏တန်ဆာ စိတ်၏အခြံအရံ ဖြစ့်သည့် အလှူကို ပေးလှူ၏။

ထိုသူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာနံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး (ဟုဆိုအပ်သော) အလှူကို ပေးလှူ၏။

သာရိပုတြာ ထိုအရာကို အဘယ်သို့ အောက်မေ့သနည်း၊ ဤလောက၌ အချို့သောသူသည် ဤသို့သဘောရှိသော အလှူကို ပေးလှူရာအံ့လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ပေးလှူရာပါ၏။

သာရိပုတြာ ထိုသို့ပေးလှူရာ၌ အကြင်ပုဂ္ဂိုလ်သည် မငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့သော စိတ်မရှိမူ၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို မငဲ့ကွက်မူ၍ အလှူကို ပေးလှူ၏၊ “တမလွန်ဘဝ၌ ခံစားရလိမ့်မည်”ဟု ပေးလှူသည် မဟုတ်၊ ပေးလှူ ခြင်းသည် ကောင်းမွန်လှ၏ဟူ၍လည်း အလှူကို ပေးလှူသည် မဟုတ်၊ “အဖ, အဖိုးတို့သည် ရှေးက လှူဖူး ပြုဖူး၏၊ ရှေးက ဖြစ်သော အမျိုး အနွယ် အဆက်ကို ယုတ်လျော့စေရန် မသင့်”ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည်မဟုတ်၊ ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည် မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည် မချက်ပြုတ် သူတို့အား မလှူဘဲ ယုတ်လျော့စေရန် မသင့်”ဟု အလှူကို ပေးလှူသည်မဟုတ်၊ “ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာ မိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်ခြင်းတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူ ငါ၏ လှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်”ဟု အလှူကို ပေးလှူသည်မဟုတ်၊ “ဤအလှူကို ပေးလှူသောငါ့အား စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏”ဟုအလှူကို ပေးလှူသည်မဟုတ်၊ စင်စစ်သော်ကား (သမထ, ဝိပဿနာ) စိတ်၏တန်ဆာ စိတ်၏အခြံအရံဖြစ်သည့် အလှူကို ပေးလှူ၏၊ ထိုသူသည် အလှူပေးပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုသူသည် ထိုကံ ထိုတန်ခိုး ထိုအခြံအရံ ထိုအစိုးရမှုကိုကုန်စေ၍ ဤကာမဘုံသို့ မလာမရောက်သောကြောင့် (ဈာန) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်၏။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း၊ သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။