အင်္ဂုတ္တရနိကာယ်

၆-အဗျာကတဝဂ်

၃-တိဿ ဗြဟ္မာသုတ်

၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါနတ်သားနှစ်ဦးတို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သောအဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် တစ်ဦးသော နတ်သားသည် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ကိလေသာမှ လွတ်ကြပါကုန်၏”ဟု လျှောက်၏။

အခြားနတ်သားတစ်ဦးသည် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ဥပါဒါန်လေးပါး အကြွင်းမရှိဘဲ ကောင်းစွာကိလေသာမှ လွတ်ကြကုန်၏”ဟု လျှောက်၏။

ထိုနတ်သားနှစ်ဦးတို့သည် (အသီးအသီး) ဤသို့ စကားကို လျှောက်ကြကုန်၏၊ မြတ်စွာဘုရား သည်နှစ်သက်လိုက်လျောတော်မူ၏၊ ထိုအခါ ထိုနတ်တို့သည် “မြတ်စွာဘုရား နှစ်သက်လိုက်လျော တော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်လွန်သဖြင့် ရဟန်းတို့ကို—

ရဟန်းတို့ ဤညဉ့်၌ နှစ်ဦးသော နတ်တို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေကာ ငါ့ထံသို့ ချဉ်းကပ်ကြ၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်နတ်သားတစ်ဦးသည် ငါ့အား—

“အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ကိလေသာမှ လွတ်မြောက်ကုန်၏”ဟု လျှောက်၏။

အခြားနတ်သားတစ်ဦးသည် ငါ့အား—

“အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ဥပါဒါန်လေးပါး အကြွင်းမရှိဘဲ ကောင်းစွာကိလေသာမှ လွတ်ကြကုန်၏”ဟု လျှောက်၏။

ရဟန်းတို့ ထိုနတ်တို့သည် (အသီးအသီး) ဤစကားကို လျှောက်ကြကုန်၏၊ ဤစကားကိုလျှောက်ထားကြပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ အနီးမဝေး၌ ထိုင်နေတော်မူ၏။ ထိုအခါအသျှင်မဟာမောဂ္ဂလာန်မထေရ်အား—

“အဘယ်နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသောပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်ဖြစ်ပါသနည်း”ဟု အကြံဖြစ်၏။

ထိုအခါ၌ တိဿမည်သော ရဟန်းသည် ယခုပင် ကွယ်လွန်သည်ဖြစ်၍ ဗြဟ္မာ့ဘုံတစ်ခုသို့ ကပ်ရောက်၏၊ ထိုဗြဟ္မာ့ဘုံ၌လည်း ထိုတိဿဗြဟ္မာကို “တိဿဗြဟ္မာသည် တန်ခိုးကြီးမား၏၊ အာနုဘော်ကြီးမား၏”ဟူ၍ သိကြကုန်၏၊ ထိုအခါ၌ အသျှင်မဟာမောဂ္ဂလာန်သည် ခွန်အားရှိသော ယောကျာ်းသည်ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူ ဂိဇ္ဈကုဋ်တောင်၌ ကွယ်ခဲ့၍ ထို (တိဿဗြဟ္မာရှိရာ) ဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်၏၊ ထိုအခါ၌ တိဿဗြဟ္မာသည် ကြွလာတော်မူသော အသျှင်မဟာမောဂ္ဂလာန်ကို အဝေးမှပင် တွေ့မြင်သဖြင့်အသျှင်မဟာမောဂ္ဂလာန်အား—

“အသျှင်မြတ်မောဂ္ဂလာန် ကြွတော်မူပါ၊ အသျှင်မြတ်မောဂ္ဂလာန် အသျှင်ဘုရား ကြွလာခြင်းသည်ကောင်းသော လာခြင်းဖြစ်ပါသည်၊ အသျှင်မောဂ္ဂလာန် ကြာမြင့်မှပင် ဤအရပ်သို့ ကြွလာတော်မူခြင်း၏အလှည့်ကို ပြုတော်မူဘိ၏၊ အရှင်မောဂ္ဂလာန် ထိုင်တော်မူပါ၊ ဤသည်ကား ခင်းထားအပ်သော နေရာပါတည်း”ဟု လျှောက်၏။

အသျှင်မောဂ္ဂလာန်သည် ခင်းထားအပ်သော နေရာ၌ ထိုင်၏၊ တိဿဗြဟ္မာသည်လည်း အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော ထိုတိဿ့ဗြဟ္မာအား အသျှင်မဟာမောဂ္ဂလာန်သည်—

“တိဿ အဘယ်နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိ၏’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိ’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်ပါသနည်း”ဟု မေး၏။

အသျှင်မောဂ္ဂလာန် ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း’ဥပါဒါန်အကြွင်းရှိ၏’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိ’ဟူ၍ ဤသို့သိသော ဉာဏ်သည် ဖြစ်ပါ၏ဟု (လျှောက်၏)။

တိဿ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်အားလုံးတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း’ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မောဂ္ဂလာန် ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်အားလုံးတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်”ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း “ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်”ဟူ၍ ဤသို့ သိသော ဉာဏ်သည် မဖြစ်ပါ၊ အသျှင်မောဂ္ဂလာန် မြတ်သောအသက်ရှည်ခြင်းဖြင့် ရောင့်ရဲကုန်သော၊ မြတ်သော အဆင်းလှခြင်း, မြတ်သော ချမ်းသာခြင်း, မြတ်သောအခြံအရံ, မြတ်သော ကြီးမှူးရခြင်းဖြင့် ရောင့်ရဲကုန်သော၊ ဗြဟ္မာ့ဘုံ၌ ဖြစ်ကြသည့် နတ်ဗြဟ္မာတို့သည်ထို့ထက်လွန်သော ထွက်မြောက်ရာ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိကုန်၊ ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် မဖြစ်ပါ။

အသျှင်မောဂ္ဂလာန် မြတ်သော အသက်ရှည်ခြင်းဖြင့် မရောင့်ရဲကုန်သော၊ မြတ်သော အဆင်း လှခြင်း,မြတ်သော ချမ်းသာခြင်း, မြတ်သော အခြံအရံ, မြတ်သော ကြီးမှူးရခြင်းဖြင့် မရောင့်ရဲကုန်သော၊ ဗြဟ္မာ့ဘုံ၌ ဖြစ်ကြသည့် နတ်ဗြဟ္မာတို့သည် ထို့ထက်လွန်သော ထွက်မြောက်ရာ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိကုန်၏၊ ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန် အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်၏။

အသျှင်မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် (ရူပကာယ, နာမကာယတည်းဟူသော) အဖို့နှစ်ပါးမှ လွတ်၏၊ ထိုရဟန်းကို ထိုနတ်ဗြဟ္မာတို့သည် ဤသို့ သိကြကုန်၏—

“ဤအသျှင်သည် အဖို့နှစ်ပါးမှ လွတ်၏၊ ခန္ဓာကိုယ်တည်မည့် ကာလပတ်လုံးသာလျှင် ထိုအသျှင်ကိုနတ်လူတို့ မြင်ကြရကုန်လိမ့်မည်၊ ခန္ဓာကိုယ်ပျက်ပြီးနောက် ထိုအသျှင်ကို နတ်လူတို့ မြင်ကြရ တော့မည်မဟုတ်ကုန်”ဟု (သိကြကုန်၏)။

အသျှင်မောဂ္ဂလာန် ဤသို့လည်း ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း’ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်၏။

အသျှင်မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် ပညာဖြင့် (ကိလေသာမှ) လွတ်၏၊ ထိုရဟန်းကိုထိုနတ်ဗြဟ္မာတို့သည် ဤသို့ သိကြကုန်၏—

“ဤအသျှင်သည် ပညာဖြင့် (ကိလေသာမှ) လွတ်၏၊ ခန္ဓာကိုယ်တည်မည့် ကာလပတ်လုံးသာလျှင်ထိုအသျှင်ကို နတ်လူတို့ မြင်ကြရကုန်လိမ့်မည်၊ ခန္ဓာကိုယ်ပျက်ပြီးနောက် ထိုအသျှင်ကို နတ်လူတို့မြင်ကြရတော့မည် မဟုတ်ကုန်”ဟု (သိကြကုန်၏)။

အသျှင်မောဂ္ဂလာန် ဤသို့လည်း ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း့’ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်၏။

အသျှင်မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် (နာမ) ကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသူဖြစ်၏၊ ထိုရဟန်းကို ထိုနတ်ဗြဟ္မာတို့သည် ဤသို့ သိကုန်၏—

“ဤအသျှင်သည် (နာမ) ကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ဖြစ်၏၊ ဤအသျှင်သည် အကယ်၍မြတ်သော အကျင့်ကို ကျင့်ရန် သင့်လျော်ကုန်သော ကျောင်းတို့ကို မှီဝဲရလျက် အဆွေခင်ပွန်းကောင်းကိုဆည်းကပ်၍ ဣန္ဒြေတို့ကို အညီအညွတ်ဆောင်ရပါမူ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ် အကျိုးကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ရောက်လျက် နေရာ၏”ဟု (သိကုန်၏)။

အသျှင်မောဂ္ဂလာန် ဤသို့လည်း ထိုနတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်၏။

အသျှင်မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် သောတာပတ္တိမဂ်ဖြင့် (နိဗ္ဗာန်ကို မြင်သည့်အခြားမဲ့၌ အရဟတ္တဖိုလ်သို့) ရောက်၏။ပ။ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏။ပ။

ပညာဖြင့် အထက်မဂ်ဖိုလ်သို့ အစဉ်လျှောက်သူ ဖြစ်၏၊ ထိုရဟန်းကို ထိုနတ်ဗြဟ္မာတို့သည် ဤသို့သိကုန်၏—

“ဤအသျှင်သည် ပညာဖြင့် အထက်မဂ်ဖိုလ်သို့ အစဉ်လျှောက်သူ ဖြစ်၏၊ ဤအသျှင်သည် အကယ်၍မြတ်သော အကျင့်ကို ကျင့်ရန် သင့်လျော်ကုန်သော ကျောင်းတို့ကို မှီဝဲရလျက် အဆွေခင်ပွန်း ကောင်းကိုဆည်းကပ်၍ ဣန္ဒြေတို့ကို အညီအညွတ်ဆောင်ရပါမူ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်း ဘောင်သို့ဝင်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏အဆုံးဖြစ်သော အရဟတ္တဖိုလ် အကျိုးကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက် နေရာ၏”ဟု (သိကုန်၏)။

အသျှင်မောဂ္ဂလာန် ဤသို့လည်း ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း’ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်၏ဟု (လျှောက်၏)။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် တိဿဗြဟ္မာ လျှောက်ဆိုသော စကားကို အလွန်နှစ်သက်၍အနုမောဒနာပြုပြီးလျှင် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူ ဗြဟ္မာ့ဘုံမှကွယ်ခဲ့၍ ဂိဇ္ဈကုဋ်တောင်၌ ထင်ရှားဖြစ်၏။

ထိုအခါ၌ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် တိဿဗြဟ္မာနှင့်အတူ စကားပြောဆိုသမျှ အလုံးစုံကို မြတ်စွာဘုရားအား လျှောက်၏။

မောဂ္ဂလာန် သင့်အား တိဿဗြဟ္မာသည် ခုနစ်ယောက်မြောက်ဖြစ်သော အနိမိတ္တဝိပဿနာဖြင့်နေလေ့ရှိသော ပုဂ္ဂိုလ်ကို မဟောကြားချေဟု (မိန့်တော်မူ၏)။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ထိုခုနစ်ယောက်မြောက်ဖြစ်သောအနိမိတ္တဝိပဿနာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်ကို ဟောခြင်း၏ အခါဖြစ်ပါသည်၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား အသျှင်ဘုရားသည် ထိုခုနစ်ယောက်မြောက်ဖြစ်သော ပုဂ္ဂိုလ်ကိုဟောခြင်း၏ အခါဖြစ်ပါသည်၊ မြတ်စွာဘုရားသည် ခုနစ်ယောက်မြောက်ဖြစ်သော ယင်းအနိမိတ္တဝိပဿနာ့ဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်ကို ဟောတော်မူရာ ပါ၏၊ မြတ်စွာဘုရားအထံတော်မှ နာကြားရ၍ ရဟန်းတို့သည် ဆောင်ကြပါကုန်လိမ့်မည်ဟု (လျှောက်၏)။

မောဂ္ဂလာန် သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားမည်ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။

မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် (နိစ္စနိမိတ်စသည့်) နိမိတ်အားလုံးတို့ကို နှလုံးမသွင်းခြင်းကြောင့် (နိစ္စစသည်) နိမိတ်မရှိသော စိတ်တည်ကြည်မှုသမာဓိကို ဝင်စား၍ နေ၏၊ ထိုရဟန်းကိုထိုနတ်ဗြဟ္မာတို့သည် ဤသို့ သိကုန်၏—

ဤ “အသျှင်သည် (နိစ္စနိမိတ်စသည့်) နိမိတ်အားလုံးတို့ကို နှလုံးမသွင်းခြင်းကြောင့် (နိစ္စစသည်) နိမိတ်မရှိသော စိတ်တည်ကြည်မှုသမာဓိကို ဝင်စား၍ နေ၏၊ ဤအသျှင်သည် အကယ်၍ မြတ်သောအကျင့်ကို ကျင့်ရန် သင့်လျော်ကုန်သော ကျောင်းတို့ကို မှီဝဲရလျက် အဆွေခင်ပွန်းကောင်းကို ဆည်းကပ်၍ဣန္ဒြေတို့ကို အညီအညွတ်ဆောင်ရပါမူ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသောအမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက်နေရာ၏”ဟု (သိကုန်၏)။

မောဂ္ဂလာန် ဤသို့လျှင် ထိုနတ်ဗြဟ္မာတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်’ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ‘ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်’ဟူ၍ သိသော ဉာဏ်အမြင် ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။