အင်္ဂုတ္တရနိကာယ်

၆-အဗျာကတဝဂ်

၄-သီဟသေနာပတိသုတ်

၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သီဟအမည်ရှိသော စစ်သူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား မြတ်စွာဘုရားသည် ကိ်ုယ်တိုင် သိမြင်ရသော အလှူဒါန၏ အကျိုးကို ပညတ်ရန်တတ်နိုင်ပါ၏လော”ဟု (လျှောက်၏)။

သီဟ သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင်လျှင် ပြန်၍ မေးဦးမည်၊ သင်နှစ်သက်သလို ထိုအမေးကိုဖြေကြားနိုင်ပေသည်။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ယောကျာ်းနှစ်ယောက်တို့ ရှိကုန်၏၊ (ထိုနှစ်ယောက်တို့တွင်) တစ်ယောက်သော ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တိုမှု ရှိ၏၊ အလွန်စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏။

တစ်ယောက်သော ယောကျာ်းသည်ကား သဒ္ဓါတရားရှိ၏၊ အလှူရှင် ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ ရဟန္တာပုဂ္ဂိုလ်တို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော် (ထိုနှစ်ယောက်တို့တွင်) အဘယ်ပုဂ္ဂိုလ်ကို ရှေးဦးစွာ သနားစောင့်ရှောက်ကုန်ရာသနည်း။ သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သောယောကျာ်းကိုမူလည်းစောင့်ရှောက်ကုန်ရာသလော၊ သဒ္ဓါတရားရှိ၍ အလှူရှင် ဖြစ်ပြီးလျှင် အဖန်ဖန့်ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်းကိုမူလည်းစောင့်ရှောက်ကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော် သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သော ယောကျာ်းကို အဘယ့်ကြောင့် ရှေးဦးစွာ သနားစောင့်ရှောက်ကုန်ရာအံ့နည်း။ အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော်သဒ္ဓါတရား ရှိ၍ အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်းကိုသာလျှင်ရှေးဦးစွာ သနားစောင့်ရှောက်ကုန်ရာပါ၏။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တိုမှုရှိ၏၊ အလွန်စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင် ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ ရဟန္တာပုဂ္ဂိုလ်တို့သည် ချဉ်းကပ်ကုန်သည်ရှိသော် (ထိုနှစ်ယောက်တို့တွင်) အဘယ်သူသို့ ရှေးဦးစွာ ချဉ်းကပ်ကုန်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် ချဉ်းကပ်ကုန်သည်ရှိသော် သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲပြီးလျှင် အလှူခံပုဂ္ဂိုလ်တို့အား ဆဲရေးတတ်သော ယောကျာ်းကို ရှေးဦးစွာ အဘယ့်ကြောင့် ချဉ်းကပ်ကုန်ရာအံ့နည်း၊ အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် ချဉ်းကပ်ကုန်သည်ရှိသော် သဒ္ဓါတရားရှိ၍ အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်းကိုသာလျှင် ရှေးဦးစွာ ချဉ်းကပ်ကုန်ရာပါ၏ဟု (လျှောက်၏)။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တို၏၊စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင်ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ ရဟန္တာပုဂ္ဂိုလ်တို့သည် အလှူခံကုန်သည်ရှိသော် (ထိုနှစ်ယောက်တို့တွင်) အဘယ်သူ၏ အလှူကို ရှေးဦးစွာ အလှူခံကုန်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် အလှူခံကုန်သည်ရှိသော် သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲ လျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သော ယောကျာ်း၏ အလှူကို ရှေးဦးစွာ အဘယ့်ကြောင့်အလှူခံကြကုန်ရာအံ့နည်း၊ အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် အလှူခံကုန်သည်ရှိသော် သဒ္ဓါတရားရှိ၍ အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်း၏ အလှူကိုသာလျှင်ရှေးဦး စွာ အလှူခံကုန်ရာပါ၏ဟု (လျှောက်၏)။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တို၏၊စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင်ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ ရဟန္တာပုဂ္ဂိုလ်တို့သည် တရားဟောကုန်သည် ရှိသော် (ထိုနှစ်ယောက်တို့တွင်) ရှေးဦးစွာ အဘယ်သူအား ဟောကုန်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် တရားဟောကုန်သည်ရှိသော် သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သော ယောကျာ်းအား ရှေးဦးစွာ အဘယ့်ကြောင့် ဟောကုန်ရာအံ့နည်း။ အသျှင်ဘုရား ရဟန္တာပုဂ္ဂိုလ်တို့သည် တရားဟောကုန်သည်ရှိသော် သဒ္ဓါတရားရှိ၍အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်းအားသာလျှင် ရှေးဦးစွာဟောကုန်ရာပါ၏ဟု (လျှောက်၏)။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တို၏၊စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင်ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ (ထိုနှစ်ယောက်တို့တွင်) အဘယ်သူ၏ ကောင်းသော သတင်းကျော်စောသံသည် ပျံ့နှံ့၍ တက်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား သဒ္ဓါတရား မရှိ၊ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သော ယောကျာ်း၏ ကောင်းသော သတင်းကျော်စောသံသည် အဘယ့်ကြောင့် ပျံ့နှံ့၍ တက်လိမ့်မည်နည်း၊ အသျှင်ဘုရား သဒ္ဓါတရားရှိ၍ အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်း၏ ကောင်းသော သတင်းကျော်စောသံသည်သာ ပျံ့နှံ့၍ တက်ရာပါ၏ဟု (လျှောက်၏)။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တို၏၊စေးနှဲ၏၊ (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင်ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ (ထိုနှစ်ယောက်တို့တွင်) အဘယ်သူသည် မင်း ပရိသတ်သို့ဖြစ်စေ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ သူကြွယ်ပရိသတ်သို့ ဖြစ်စေ ရဟန်းပရိသတ်သို့ ဖြစ်စေမည်သည့်ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့သော် ရဲရဲဝံ့ဝံ့ ကြောက်ရွံ့ခြင်းကင်း မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား သဒ္ဓါတရား မရှိ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သောယောကျာ်းသည် မင်းပရိသတ်သို့ ဖြစ်စေ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ သူကြွယ်ပရိသတ်သို့ ဖြစ်စေရဟန်းပရိသတ်သို့ ဖြစ်စေ မည်သည့်ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့သော် ကြောက်ရွံ့ခြင်း ကင်းပြီးလျှင်မျက်နှာရွှင်လန်းလျက် အဘယ့်ကြောင့် ချဉ်းကပ်နိုင်လိမ့်မည်နည်း။

အသျှင်ဘုရား သဒ္ဓါတရားရှိ၍ အလှူရှင်ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သောယောကျာ်းသည်သာလျှင် မင်းပရိသတ်သို့ ဖြစ်စေ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ သူကြွယ်ပရိသတ်သို့ ဖြစ်စေရဟန်းပရိသတ်သို့ ဖြစ်စေ မည်သည့်ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့သော် ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာချဉ်းကပ်နိုင်ပါ၏ဟု (လျှောက်၏)။

သီဟ ထိုအရာကို သင် မည်သို့ မှတ်ထင်သနည်း၊ အကြင်ယောကျာ်းသည် သဒ္ဓါတရား မရှိ၊ ဝန်တို၏၊စေးနှဲ၏၊ အလှူခံပုဂ္ဂိုလ်တို့အား ဆဲရေးတတ်၏၊ အကြင်ယောကျာ်းသည် သဒ္ဓါတရားရှိ၏၊ အလှူရှင်ဖြစ်၏၊ အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်၏၊ (ထိုနှစ်ယောက်တို့တွင်) အဘယ်သူသည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား သဒ္ဓါတရားမရှိ ဝန်တိုစေးနှဲလျက် (အလှူခံပုဂ္ဂိုလ်တို့အား) ဆဲရေးတတ်သောယောကျာ်းသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ အဘယ့်ကြောင့် ရောက်နိုင်လိမ့်မည်နည်း၊ အသျှင်ဘုရား သဒ္ဓါတရားရှိ၍ အလှူရှင် ဖြစ်ပြီးလျှင် အဖန်ဖန် ပေးလှူခြင်း၌ မွေ့လျော်သော ယောကျာ်းသည်သာလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်နိုင်ရာပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားဟောကြားတော်မူအပ်ကုန်သော ကိုယ်တိုင်သိမြင်ရသည့် အလှူဒါန၏အကျိုးတို့၌ တပည့်တော်သည် မြတ်စွာဘုရားအား ယုံကြည်မှုဖြင့် ဆည်းကပ်သည် မဟုတ်ပါ၊ တပည့်တော်သည်လည်း ထိုအလှူဒါန၏ အကျိုးတို့ကို သိပါ၏၊ အသျှင်ဘုရား တပည့်တော်ကား ပေးလှူတတ်သူ အလှူရှင် ဖြစ်ပါသည်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် သနားစောင့်ရှောက်ကုန်သည်ရှိသော် တပည့်တော်ကို ရှေးဦးစွာ သနားစောင့်ရှောက်ကြပါကုန်၏၊ အသျှင်ဘုရား တပည့်တော်သည် ပေးလှူတတ်သူအလှူရှင်ဖြစ်ပါသည်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် ချဉ်းကပ်ကုန်သည်ရှိသော် တပည့်တော်ကို ရှေးဦးစွာချဉ်းကပ်ကြပါကုန်၏၊ အသျှင်ဘုရား တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင် ဖြစ်ပါသည်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် အလှူခံကုန်သည်ရှိသော် တပည့်တော်၏ အလှူကို ရှေးဦးစွာ အလှူခံကြပါကုန်၏။

အသျှင်ဘုရား တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင်ဖြစ်ပါသည်၊ ရဟန္တာပုဂ္ဂိုလ်တို့သည်တရားဟောကုန်သည်ရှိသော် တပည့်တော်ကို ရှေးဦးစွာ ဟောကြားပါကုန်၏။

အသျှင်ဘုရား တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင်ဖြစ်ပါသည်၊ “သီဟစစ်သူကြီးသည့်ပေးလှူတတ်၏၊ သံဃာအား ကျေးဇူးပြုတတ်၏၊ သံဃာ၏ အလုပ်အကျွေးတည်း”ဟု တပည့်တော်၏ကောင်းသော သတင်းကျော်စောသံသည် ပျံ့နှံ့၍ တက်ပါ၏။

အသျှင်ဘုရား တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင်ဖြစ်ပါသည်၊ မင်းပရိသတ်သို့ ဖြစ်စေ။ပ။ မည်သည့်ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့သော် ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရပါ၏၊ အသျှင် ဘုရားမြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သော ကိုယ်တိုင်သိမြင်ရသည့် အလှူဒါန၏ အကျိုးတို့၌ တပည့်တော်သည် မြတ်စွာဘုရားအား ယုံကြည်ခြင်းဖြင့် ဆည်းကပ်သည် မဟုတ်ပါ၊ တပည့်တော်သည်လည်း ထိုဒါန၏ အကျိုးတို့ကို သိပါသည်။

အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို “သီဟ ပေးလှူတတ်သော အလှူရှင်သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏”ဟု ဟောပါ၏၊ ထိုစကားကို တပည့်တော် မသိပါ၊ ဤစကား၌ မူကား မြတ်စွာဘုရားအား ယုံကြည်ခြင်းဖြင့် တပည့်တော် ဆည်းကပ်ပါ၏ဟု (လျှောက်၏)။

သီဟ ဤစကားသည် ဤသို့ ဤအကျိုးသည် ဤအတိုင်း မှန်၏၊ သီဟ ဤအကျိုးသည် ဤအတိုင်းမှန်၏။

သီဟ အလှူပေးလှူတတ်သော အလှူရှင်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။